မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ABSDF မြောက်ပိုင်း ညှင်းဆဲသတ်ဖြတ်မှု မေးမြန်းခန်း (အသံဖိုင်)

ABSDF north interview(RFA) by Htay Naing


မိုးသီးဇွန်

ကျနော်တို့ ၁၉၉၁ လောက်မှာ ABSDF ညီလာခံလုပ်တယ်။ ညီလာခံနှစ်လလောက်ကြာတယ်၊ ညီလာခံထဲမှာပြဿနာတွေ တက်တယ်၊နောက်တော့ကွဲသွားတယ်။ ကွဲသွားပြီးတဲ့နောက်ပိုင်းမှာ ABSDF မိုးသီးဇွန် နဲ့ ABSDF ကိုနိုင်အောင် ဆိုပြီးတော့ တပ်ပေါင်းစုမှာခေါ်ကြပါတယ်။ သို့သော်ငြားလည်း မြောက်ပိုင်းက ကိုနိုင်အောင်ဗဟိုရဲ့ဦးဆောင်မှုအောက်မှာရောက်သွားတယ်။ အဲဒီတော့ ဖြစ်သွားတဲ့ဖြစ်ရပ်တွေအကုန်လုံးက ABSDF နိုင် ဆိုတော့ ကိုနိုင်အောင်တို့အဖွဲ့ကဖြစ်သွားတာ။ ကျနော်တို့အနေနဲ့တိုက်ရိုက်စွက်ဖက်လို့ မရတော့ဘူး။ ဒီ စပိုင်ဆိုပြီး စွပ်စွဲပြီးဖမ်းခဲ့တော့ အဲဒါ ကျနော်တို့လည်းမသိဘူး၊ ဘယ်ဟာ အမှန်အမှားဆိုတာ။ ဒါပေမယ့် ထောက်လှမ်းရေးတွေဖြစ်နေတယ်ဆိုတာတောင်မှ မသတ်ပါနဲ့၊ သူတို့ကို လွှတ်လိုက်ပါဆိုပြီးတော့ ကျနော်တို့က KIO ပေါ့ အဲဒီတုန်းက၊ KIO ရဲ့ ဆက်သွယ်ရေးစက်ကတဆင့် တောထဲကနေ ကျနော်က လှမ်းပြီးပို့လိုက်ပါတယ်။
ဒါပေမယ့် သတ်ဖြတ်မှုတွေ အဲလို ဖမ်းဆီးမှုတွေ နှိပ်စက်မှုတွေ ဖြစ်နေတယ်လို့ ကျနော်တို့ကြားလာတယ်။ ကြားလာတဲ့အတွက် ကျနော်တို့က စာထုတ်ပြီးတော့ ကန့်ကွက်တယ်၊ ၁၉၉၂ ခုနှစ် မတ် လပိုင်းလောက်ဖြစ်မယ်။ ကျနော်တို့မှာ စာတွေရှိတယ်၊ အဲဒီတော့ ဒီလုပ်ရပ်ကို တားဆီးပေးဖို့ ဆိုတဲ့ဟာတွေ ပါပါတယ်။ ခုဟာကျတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ ABSDF ဗဟို မိုးသီးဇွန်က ဥက္ကဌလုပ်တဲ့အချိန် သူကပဲ အမိန့်ပေးလိုက်သလိုလို တချို့ အင်တာနက် facebook တွေမှာလည်း ရေးတာတွေ ကျနော်တို့တွေ့ရတယ်၊ ဒါကတော့ နိုင်ငံရေးအရ သက်သက်လုပ်ကြံတာလို့ ကျနော် ပြောချင်တယ်။ ဥပမာပေါ့ ကိုထွန်းအောင်ကျော်နဲ့ပတ်သက်လို့ ကိုမောင်မောင်ကြွယ်တို့ နောက်တခါ ကိုထိန်လင်းတို့ပေါ့ဗျာ နောက် ကျနော်တို့သိတဲ့လူတွေပါ ပါသွားတာကိုး။ အဲတော့ အဲဒီကာလက ကျနော်တို့ ဒီဖက်က ယူဆတာကတော့ မိုးသီးဇွန်ကိုထောက်ခံတဲ့အဖွဲ့ကို နိုင်အောင်ကို ထောက်ခံတဲ့အဖွဲ့က သတ်လိုက်တယ်လို့ပဲ ကျနော်တို့ သုံးသပ်ထားတာ။ တချိန်တုန်းက ဗကပ မှာ ဖြုတ်ထုတ်သတ်တွေ ဖြစ်ခဲ့ဖူးတယ်။ အဓိကကတော့ ရန်သူက၀င်ပြီး သွေးထိုးလှုံ့ဆော်တယ်လို့ပဲ သုံးသပ်ပါတယ်။ လူတွေဟာအတွေ့အကြုံနည်းတာရယ်၊ သမိုင်းကို မလေ့လာတာပေါ့လေ၊ အဲဒီပေါ်မှာ သူတို့က မှန်မှန်ကန်ကန် သိမ်သိမ်မွေ့မွေ့မဆုံးဖြတ်နိုင်တာတွေ ဖြစ်သွားတယ်ပေါ့ဗျာ။
-------------

ဒေါက်တာနိုင်အောင်
... ကျနော့်တယောက်တည်းအနေနဲ့ ဟို ရှင်းလင်းချက်ပေါ့ နော် အဲလိုမျိုးလေး ထွက်ဖို့ရှိတယ်။ အလုပ်ရှုပ်နေတော့ အဲဒီဟာလေးကို ရေးဖို့ကိစ္စက လက်စမသတ်နိုင်ဘူးဖြစ်နေတယ်။ ဟိုဟာ လူတွေက အချက်အလက်တွေ မှားပြောနေတာတွေ ထင်ရာမြင်ရာပြောနေတာတွေလေ၊ တချို့ဆိုပြောတာရှိတယ် ကျနော် ရောက်သွားပြီးတော့ အမိန့်ပေးလိုက်ပြီး သတ်လိုက်တာတို့ ဘာတို့ညာတို့လေ၊ အဲလိုမျိုး လွဲတာတွေအများကြီးရှိတယ်ဗျာ။ တခုလုံးအနေနဲ့ပြောရရင် ဗဟိုမှာ တာဝန်ရှိတာတော့ရှိတာပေါ့ ဒါပေမယ့် ကျနော်တို့က ဖြစ်ပြီးတော့မှ ကျနော်တို့က သိရတာ အဲဒီအချိန်တုန်းကလည်း ကိုယ့်မှာက ကွဲနေတဲ့အချိန်၊ မာနယ်ပလောထိုးစစ်နဲ့ အဲ နောက် စားဝတ်နေရေးနဲ့ ပြီးတဲ့အခါကျတော့ ကျနော်တို့ ကိုယ်စားလှယ်တယောက်ပို့လိုက်တယ်၊ အဲဒီကိုယ်စားလှယ်က ပြန်မလာသေးဘူး။ သူတို့ အဲဒီဥစ္စာတွေ nation သတင်းစာထဲ ရင်ဒီက ရေးလို့ပါလာတော့မှ ကျနော်က သိပြီးတော့ ကမန်းကတန်းနဲ့လိုက်သွားရတာ ဆိုတော့ အဲလိုမျိုးဟာမျိုးတွေလေ။ ဗဟိုအနေနဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့အခါကျတော့ ကျနော် တာဝန်ယူရတယ်ဆိုပေမယ့် မြောက်ပိုင်းကိုလည်း ကျနော်တို့က ပိုင်တာမဟုတ်ဘူး။ အမိန့်ပေးလို့ရတာလည်းမဟုတ်ဘူးဗျာ။ ဆိုတော့ အဲဒီအချိန်ကမှစပြီး ABSDF ကို တည်ဆောက်နေရတဲ့အချိန်ကိုး၊ ရိုးရိုးလေးပဲပေါ့ဗျာ ဒီလောက်များတဲ့လူတွေ စပိုင်ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာပဲကိုး ဆိုတော့ ကျနော်တို့ရဲ့ ဦးတည်ချက်က တခုပဲရှိတယ် အဲလို ဖမ်းထားတဲ့လူတွေအကုန် ထပ်မသတ်ဖို့၊ နောက် လွှတ်ပေးဖို့ပေါ့ အဲဒါ မြောက်ပိုင်းနဲ့ညှိတဲ့အခါကျတော့ သူတို့က မိဘတွေကို တနှစ်နေပြီး ပြန်အပ်ပြီးတော့ လွှတ်ပေးမယ်ဆိုတဲ့ဟာမျိုးပြောတော့ ကျနော်တို့ဒါပဲ လုပ်ပေးနိုင်တယ်ဗျ၊ ဟို တနေ့နေ့ကျရင်တော့ ဒီကိစ္စတွေ ရှင်းရမှာပဲဆိုတာမျိုးအားလုံးက ဗဟိုက ခံယူထားတယ်။ သူတို့ကိုလည်းကျနော်တို့ပြောပြတယ် မြောက်ပိုင်းက တာဝန်ရှိတဲ့လူတွေ။


37 comments:

(
ခေါင်းစဉ်ကို နှိပ်ပြီး မနန်းအောင်ထွေးကြည် နဲ့ မသင်းသင်းညီ ဓာတ်ပုံကို ကြည့်နိုင်ပါတယ်။ )


မနန်းအောင်ထွေးကြည် နဲ့ မသင်းသင်းညီ တို့ဟာ ၁၉၉၂ ခုနှစ်က ABSDF မြောက်ပိုင်းက မင်းမဲ့ဝါဒီ လူရမ်းကား အာဏာရူးတစုရဲ့ နှိပ်စက်ညှင်းဆဲသတ်ဖြတ်မှု ခံခဲ့ရတဲ့ ကျောင်းသားတပ်မတော်ရဲဘော် ၁၀ဝ ကျော်ထဲက ၃၈ ယောက် ကျဆုံးသွားပြီးတဲ့နောက်မှာ ထွက်ပြေးပြီး အသက်ရှင်လျက် လွတ်မြောက်သွားသူ ၅၄ ဦး ထဲမှာ ပါဝင်တဲ့ ABSDF မြောက်ပိုင်း ညှင်းဆဲသတ်ဖြတ်မှု မျက်မြင်သက်သေ တွေ ဖြစ်ပါတယ်။

မနန်းအောင်ထွေးကြည် (မငယ်) ဆိုရင် သေဒဏ်စာရင်းထဲမှာ ပါခဲ့ ပြီး နောက်ဆုံးစက္ကန့် မှာမှ လွတ်လာသူပါ။ သံချောင်း၊ မျိုးဝင်း၊ ရော်နယ်အောင်နိုင်၊ လဆိုင်း တို့ ဦးစီးတဲ့ ABSDF မြောက်ပိုင်း လူသတ်ကောင်တွေက မနန်းအောင်ထွေးကြည် ကို သတ်ဖို့တောင် ဆွဲထူပြီးပြီ။ တကယ်ကို သေဘေးက သီသီကလေး လွတ်လာသူပါ။

-
2012-02-14

ABSDF မြောက်ပိုင်းမှာ ၁၉၉၂ ခုနှစ်က ဘာတွေဖြစ်ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်ပြီး RFA ရဲ့ တင်ပြချက် အပြည့်အစုံက ဒီလိုပါ။

၁၉၉၂ ခု၊ ဖေဖော်ရီ ၁၂ ရက်က ကချင်ပြည်နယ် ပါချောင်ဒေသမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မြောက်ပိုင်း အဖွဲ့ဝင်တချို့ကို စစ်အစိုးရက စေလွှတ်လိုက်တဲ့ ထောက်လှမ်းရေး သူလျှိုတွေအဖြစ် စွပ်စွဲပြီး ညှဉ်းပန်းသတ်ဖြတ်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
အနှစ် ၂၀ ကြာပြီးနောက်မှာ အဲဒီသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်း အရေးယူဖို့ အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ဝင်ဟောင်းတချို့ရဲ့ တောင်းဆိုသံတွေနဲ့အတူ ဝေဖန်ကန့်ကွက်သံတွေ၊ ထောက်ခံ ပြောဆိုမှုတွေကို ယခုတလော အင်တာနက် စာမျက်နှာတွေပေါ်မှာ ကျယ်ကျယ်လောင်လောင် တွေ့မြင်နေရပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ABSDF မြောက်ပိုင်းမှာ ဖမ်းဆီး နှိပ်စက်ခံခဲ့ရသူနှစ်ဦးရဲ့ပြောကြားချက်တွေနဲ့ အဲဒီအချိန်က ABSDF ကို ဦးဆောင်ခဲ့သူတွေ လက်ရှိခေါင်းဆောင်တွေရဲ့ သဘောထားတွေကို အာအက်ဖ်အေ အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က စုံစမ်း မေးမြန်းပြီး တင်ဆက်ထားပါတယ်။


ကိုဉာဏ်ဝင်းအောင် (RFA) - ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း တလကျော်အကြာ နိုဝင်ဘာလထဲမှာ ABSDF လို့ ခေါ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကို ထိုင်း-မြန်မာ နယ်စပ် တနေရာမှာ စတင် ဖွဲ့စည်းခဲ့တာပါ။

ABSDF ကျောင်းသားတပ်မတော်ဟာ သမိုင်းတကွေ့မှာ ကြုံခဲ့ရတဲ့ ဖြစ်ရပ်ဆိုး တခုလည်း ရှိခဲ့ပါတယ်။ အဲဒါကတော့ ၁၉၉၂ ခု၊ အစောပိုင်းကာလ ABSDF မြောက်ပိုင်း တပ်အတွင်း "စစ်အစိုးရရဲ့ ထောက်လှမ်းရေး သူလျှို" ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကျောင်းသူ၊ ကျောင်းသား အများအပြားကို ဖမ်းဆီး သတ်ဖြတ်လို့ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဟာ အခုဆိုရင် နှစ် ၂၀ ရှိလာခဲ့ပါပြီ။

-
ကိုဉာဏ်ဝင်းအောင် (RFA) - အဲဒီတုန်းက ABSDF ဖြစ်ရပ်ဆိုးမှာ "ထောက်လှမ်းရေးပါ" ဆိုပြီး ဖမ်းဆီး နှိပ်စက်ခံရပြီး အသက်မသေဘဲ ပြန်လွတ်လာသူ တဦးကတော့ အခုအခါ ဩစတြေလျနိုင်ငံမှာ နေထိုင်သူ မနန်းအောင်ထွေးကြည်ပါ။

မနန်းအောင်ထွေးကြည် (မျက်မြင်သက်သေ) - "ကျမကို လက်ကို ဓားနဲ့ မွှန်းတယ်။ မျက်နှာကို မီးနဲ့ ရှို့တယ်။ သူတို့က အီလက်ထရစ် ရှော့ခ် ကို ကျမကို နှစ်လုံး ပေးတယ်။ ခြေမနဲ့ ခြေညိုးကြားထဲမှာ တခုနဲ့ နောက်တယောက်က နေပြီးတော့မှ နားသယ်စပ်ပေါ့.. နောက်တလုံး ထပ်ပေးတယ်။ ဆိုတော့ ဒီ ရှော့ခ် ကို ပေးလိုက်တော့ ကျမက "မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး" ... အသက်က ရှုလို့ ကြပ်နေပြီ။ အဲဒီမှာ ကျမက "ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်" ဆိုတော့ သူတို့က ရပ်ပေးလိုက်တယ်။ အသက်ရှုခွင့် ရတယ်။

ပြီးတော့မှ "ကျမ စစ်ထောက်လှမ်းရေး လုံးဝ မဟုတ်ပါဘူး" ဆိုတော့ ကျမ ရင်ညွန့်ကို စစ်ဖိနပ်နဲ့ ဆောင့်ဆောင့် ကန်တယ်။ အီလက်ထရစ် ရှော့ခ် ကို ပြန်ပြန်ပေးတယ်။ အဲဒီတော့ နောက်ဆုံးတော့ တချက်တော့ သတိလစ်သွားတယ်။ မြေကြီးပေါ်မှာ လဲနေတာပေါ့။

အဲဒီအချိန်မှာမှ ကျမ တခွန်း ကြားလိုက်တာက တယောက်က "ဒီကောင်မက ဒုဗိုလ်" ပေါ့လေ၊ "အမ်အိုင် တွေက လွှတ်ထားတဲ့ ဒုဗိုလ်" တဲ့ ... ကျမ ကြားလိုက်တယ်။

အဲဒီကတဲက ကျမ နားလည်လိုက်ပြီ။ "အော် ... ငါ ဒီလိုမှ မပြောရင်တော့ ငါ သေတော့မှာပဲ" လို့။

ဆိုပြီးတော့မှ နောက်တနေ့တော့ သံချောင်းက ရောက်လာတယ်။ "မငယ်၊ နင် ခေါင်းမမာနဲ့။ နင် ပြောလိုက်၊ နင့်ကို မသတ်ဘူး။ နင် မပြောလို့ရှိရင် နှိပ်စက်ရင်းနဲ့ နင် သေသွားလိမ့်မယ်" ... ကျမကို အဲဒီလို ပြောပြီးတော့ စစ်ကြောရေး ပြန်ဝင်တယ်။

သန်းဇော်နဲ့ ဇော်ဇော်မင်း တို့ ဆက်ပြီးတော့ နှိပ်စက်တယ်။ နောက်ဆုံးတော့ နှိပ်စက်တဲ့ဒဏ်တွေ ကျမ မခံနိုင်တော့တဲ့အတွက် "ကျမ ထောက်လှမ်းရေးပါ" ဆိုပြီး ပြောတော့မှ သူတို့ အနှိပ်စက်ကို ရပ်ပေးတယ်။

နောက်ပြီး ကျမတို့ မိန်းကလေးအင်္ဂါထဲမှာ တခုခုကို ဝှက်ထားနိုင်တယ် ဆိုပြီး ကျမတို့ မိန်းကလေးအင်္ဂါကိုပါ သူတို့ စစ်တယ်။ ခင်ချိုဦးရယ်၊ ကျမရယ်၊ နန်းစောရယ် သုံးယောက်လုံး ခံရတယ်။

နောက်ပြီး ကိုထွန်းအောင်ကျော်ကို အကြီးအကျယ် နှိပ်စက်တယ်။ လက်ဝါးကပ်တိုင်မှာ လက်ကို သံချောင်းထိုးပြီးတော့မှ ထားတာ။ ကျမက ဘာဖြစ်လို့ သိလဲ ဆိုတော့ ကျမကိုယ်တိုင် လက်ဝါးကပ်တိုင် အတင်ခံရတယ်။

ကိုအပ်ဆိုက် ဆိုရင်တော့ တော်တော် ကြမ်းတယ်။ မီးတွေနဲ့လဲ ရှို့တယ်။ သူ့ ဖင်ခေါင်းနဲ့ ပါးစပ်ကို ဝါယာကြိုး ထည့်ပြီးတော့မှ အီလက်ထရစ် ရှော့ခ် ပေးတယ်။ ပြီးတော့မှ သူ့ရဲ့ ယောကျာ်းတန်ဆာကို ငါးမျှားချိတ်တွေနဲ့ ချိတ်တာ။ ယောကျာ်းတန်ဆာ တခုလုံးလည်း ကြေမွနေပြီ.. သူတို့ ဓားတွေနဲ့ မွှန်းထားတာ။ မသေခင်ကို သူ့ဆီက အပုပ်နံ့က ထွက်နေပြီရှင့်။ နောက်တော့ ဆေးလည်း ကုသလို့ မရတော့ဘူး၊ သူ သေသွားတယ်။

ဆိုတော့ အများကြီးပဲ.. သူတို့ နှိပ်စက်တာ။ လူမဆန်အောင်ကို နှိပ်စက်တာ။"

-
ကိုဉာဏ်ဝင်းအောင် (RFA) - ၁၉၉၂ ခုနှစ်၊ ပြည်ထောင်စုနေ့ တရက်ထဲမှာပဲ ကျောင်းသားရဲဘော် ၁၅ ဦးကို တချိန်ထဲ ကွပ်မျက်ခဲ့ပါတယ်။

မနန်းအောင်ထွေးကြည် (မျက်မြင်သက်သေ) - "ခင်ချိုဦးကို မသတ်ခင်မှာ မျိုးဝင်းကနေပြီးတော့မှ "ကဲ.. ငါ့ကောင်တွေ မဖျော်ဖြေရတာ ကြာပြီ" တဲ့။ ခင်ချိုဦးကို မုဒိမ်းကျင့်ခိုင်းတယ်။ အဲဒီမှာ သံချောင်း ခေါ် မြင့်ဦးက နေပြီးတော့မှ " ဟေ့ကောင်တွေ၊ ဒါမျိုးတော့ မလုပ်နဲ့ကွာ" လို့ လှမ်းတားတယ်။ မုဒိမ်း မကျင့်ခိုင်းဘူး။

အဲဒီတော့ မျိုးဝင်းက နေပြီးတော့မှ အဲဒါဆိုလို့ရှိရင်လည်း "တကိုယ်လုံး ချွတ်" ဆိုပြီးတော့မှ တကိုယ်လုံး ချွတ်လိုက်ရတယ်။ အဲဒီမှာမှ ခင်ချိုဦးက "စီအက်စ်၊ ကျမကို သေနတ်နဲ့ပဲ ပစ်ပေးပါ" လို့ ပြောလိုက်လို့ သံချောင်းက သေနတ်နဲ့ ပစ်ပေးလိုက်တယ်။

ဌေးမြင့်ဝင်းကလည်း သူ့ကို သေနတ်နဲ့ ပစ်ပေးဖို့ ပြောလို့ သံချောင်းက သေနတ်နဲ့ ပစ်ပေးတယ်။ ဒါ့အတွက်ကြောင့် ကျမတို့က သေနတ်သံ နှစ်ချက် ကြားလိုက်ရတယ်။ "ကျန်တဲ့ ၁၃ ယောက်ကတော့ မျိုးဝင်းနဲ့ လှဆိုင်းက လည်ပင်းတွေကို ဓားနဲ့ ခုတ်သတ်တယ်" လို့ ပြောတယ်။ မျက်မြင်ကိုယ်တွေ့ ရဲဘော် တယောက်က ပြောတာပါ။"

-
ကိုဉာဏ်ဝင်းအောင် (RFA) - နောက်ထပ် အဖမ်းဆီးခံရသူ တဦးကတော့ မသင်းသင်းညီပါ။ သူဟာ တန်ပြန်ထောက်လှမ်းရေး အဖြစ် ခိုင်းစေခံခဲ့ရတယ်လို့ ပြောပြပါတယ်။

မသင်းသင်းညီ (မျက်မြင်သက်သေ) - "ကျမကိုကျတော့ မျိုးဝင်းက ခေါ်တယ်လေ။ ဒီထဲမှာရှိတဲ့ အခု ဖမ်းထားတဲ့ လူတွေကိုပေါ့နော်၊ ဘယ်သူက ထောက်လှမ်းရေးအစစ် ဖြစ်တယ်ဆိုတာကို ဖော်ပေးပေါ့ နော်... သူ့အနေနဲ့ ပြန်ထည့်ထားပေးတာ။ ထည့်ထားပေးတော့ အစ်မက သူ့စကား နားထောင်ပြီးတော့ အထဲထဲမှာ နေတယ်။ နောက် ကျတော့ နေရင်း နေရင်းနဲ့ တယောက်မှလည်း အဲဒီလိုမျိုးပေါ့နော်.. ထောက်လှမ်းရေးလည်း မဖြစ်နိုင်ဘူးပေါ့နော်။ သူ့ကို ပြောပြတယ်.. "ကျနော် အခု မြင်သလောက် ပြောရရင် အားလုံးက ကျောင်းသားတွေချည်းပဲ၊ ဘယ်သူမှ ထောက်လှမ်းရေး မဟုတ်ဘူး၊ အထင်လွဲနေကြပြီ" လို့ ပြောပြတယ်။ အဲဒါကို သူက လက်မခံဘူး။ "မဟုတ်ဘူး၊ ရှိတယ်။ ရှိကို ရှိတယ်။"

ကျမက ကိုမျိုးဝင်းကို ပြောတယ်.. "အဲဒါကတော့ လိုချင်တဲ့ ပုံစံကတော့ ရမှာ မဟုတ်ဘူး" လို့။ ညီမကို အဲဒီလိုမျိုး ထည့်ထားရင်တော့ ...."

ကိုဉာဏ်ဝင်းအောင် - သူတို့ စိတ်တိုင်းကျ ဖြစ်မလာတဲ့အခါ မသင်းသင်းညီကိုလည်း ဖမ်းဆီး နှိပ်စက်ပြီး ညှဉ်းပန်းခဲ့တယ်လို့ ဆိုပါတယ်။

မသင်းသင်းညီ - "စစ်တဲ့အခါကျတော့ ထောက်လှမ်းရေး ဆိုပြီးမှ စစ်တဲ့ လူတွေအတိုင်းပဲ သူတို့က မညှာမတာဘဲ နှိပ်စက်တာပေါ့နော်။ ကျင်စက်ကို ရင်ဘတ်ထဲကို ထည့်ပြီးမှ တို့တာ။ တို့ပြီးတော့ မေးတာ။ ကျမကတော့ ကိုမျိုးဝင်းကို ပြောတယ်လေ.. "အဲဒီလိုချည်းတော့ ကျနော် ဒဏ်မခံနိုင်တော့ဘူး ပေါ့၊ ကျနော့်ကိုတော့ အမြန် ပြန်လွှတ်ပေး၊ မဟုတ်ရင်လည်း သတ်ရင်လည်း သတ်၊ ကျနော် ဆက်မလုပ်နိုင်ဘူး" ပေါ့။ ကျနော် ပြောတယ်။ အဲဒီတော့မှ သူတို့ ဘယ်လို စဉ်းစားသလဲတော့ မသိဘူး၊ ကျနော်ကတော့ မိန်းကလေး ၅ ယောက်ထဲမှာ အစောဆုံး ပြန်လွတ်သွားတာပေါ့။"

ကိုဉာဏ်ဝင်းအောင် (RFA) - "ဒီကိစ္စ ဘယ်သူတွေမှာ အဓိက တာဝန် အရှိဆုံးလဲ" လို့ မသင်းသင်းညီကို RFA က မေးမြန်းကြည့်ပါတယ်။

မသင်းသင်းညီ (မျက်မြင်သက်သေ) - ကျနော်တို့ မြောက်ပိုင်း အနေနဲ့ပဲ ပြောမယ် ဆိုရင်တော့ မျိုးဝင်းရယ်၊ သံချောင်းရယ်၊ အောင်နိုင်ရယ်၊ အဲဒီ ဗဟိုကော်မတီမှာ တာဝန်ယူထားတဲ့ လူတွေ အားလုံး တာဝန်ရှိတယ်.. ကျနော်တို့ မြောက်ပိုင်း အနေနဲ့ ပြောတာပေါ့နော်။"

-
ကိုဉာဏ်ဝင်းအောင် (RFA) - တဆက်ထဲမှာပဲ "ဒီလုပ်ရပ်အတွက် အဓိက ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ" လို့ မနန်းအောင်ထွေးကြည်ကိုလည်း RFA က ထပ်မေးကြည့်ပါတယ်။

မနန်းအောင်ထွေးကြည် (မျက်မြင်သက်သေ) - "အဲဒီထဲမှာ တာဝန်ရှိတဲ့ လူတွေကတော့ အရင်တုန်းကတော့ အထွေထွေအတွင်းရေးမှုး ရော်နယ်အောင်နိုင် ခေါ် အောင်နိုင် ပေါ့။ နောက်ပိုင်းမှာ သူက အေဘီအက်စ်ဒီအက်ဖ် (မြောက်ပိုင်း) ဥက္ကဋ္ဌ အနေနဲ့ သူ ယူလိုက်တယ်။ ထွန်းအောင်ကျော်ကို သူက ဖမ်းပြီးတော့ သူက ဥက္ကဋ္ဌ ဖြစ်သွားတယ်။

နောက် မျိုးဝင်း ဆိုတာက သေဆုံးသွားပြီ။

နောက် သံချောင်း ခေါ် မြင့်စိုး ဆိုတာက အခု သက်ဆိုင်ရာတွေရဲ့ ဖမ်းဆီးခြင်းကို ခံထားရပြီး ပြစ်ဒဏ် ကျခံနေရတယ်။ သာယာဝတီထောင်ဖက်မှာ သူ့ကို ထောင်ချထားတယ်ရှင့်။

နောက်တယောက်ကတော့ ကျမတို့ကို ဖမ်းဆီးတုန်းက မျိုးဝင်းရဲ့ အနောက်ကနေ အကြံပေးနေတဲ့ ထောက်လှမ်းရေးတာဝန်ခံ သန်းဇော် (မန္တလေး) ဆိုတာ အခု မြို့ထဲမှာ လွတ်လွတ်လပ်လပ် ရှိတယ်။

နောက် ကျောင်းသားထောက်လှမ်းရေးကပဲ တပ်ကြပ် ဇော်ဇော်မင်း ဆိုတာ မြို့ပေါ်မှာ ရှိနေတယ်။

နောက် အခုလောလောဆယ် အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်းမှာ ရှိနေသေးတဲ့ လှဆိုင်း ဆိုတဲ့ ကချင်အမျိုးသားပေါ့။ သူကိုယ်တိုင်လည်း ကျောင်းသားကို ခေါင်းဖြတ်သတ်ခဲ့တယ်။"

-
ကိုဉာဏ်ဝင်းအောင် (RFA) - ABSDF မြောက်ပိုင်းတပ်မှာ အခုလို ဖြစ်နေချိန် ထိုင်း-မြန်မာ နယ်စပ်က အေဘီအက်စ်ဒီအက်ဖ် ဗဟို မှာတော့ ဒေါက်တာနိုင်အောင် ဦးဆောင်တဲ့ ABSDF အုပ်စုနဲ့ ကိုမိုးသီးဇွန် ဦးဆောင်တဲ့ ABSDF အုပ်စု ဆိုပြီး နှစ်ခြမ်း ကွဲနေချိန်လည်း ဖြစ်ပါတယ်။

ကိုမိုးသီးဇွန်က အခုလို ပြောပါတယ်။

ကိုမိုးသီးဇွန် (ABSDF ဥက္ကဋ္ဌဟောင်း) - "ကျနော်တို့ ၁၉၉၁ လောက်မှာ ABSDF ညီလာခံ လုပ်တယ်။ ညီလာခံ နှစ်လလောက် ကြာတယ်၊ ညီလာခံထဲမှာ ပြပဿနာတွေ တက်တယ်၊ နောက်တော့ ကွဲသွားတယ်။ ကွဲသွားပြီးတဲ့နောက်ပိုင်းမှာ ABSDF (မိုးသီးဇွန်) နဲ့ ABSDF (ကိုနိုင်အောင်) ဆိုပြီးတော့ တပ်ပေါင်းစုမှာ ခေါ်ကြပါတယ်။ သို့သော်ငြားလည်း မြောက်ပိုင်းက ကိုနိုင်အောင်ဗဟိုရဲ့ ဦးဆောင်မှု အောက်မှာ ရောက်သွားတယ်။ အဲဒီတော့ ဖြစ်သွားတဲ့ဖြစ်ရပ်တွေအကုန်လုံးက ABSDF (နိုင်) ဆိုတော့ ကိုနိုင်အောင်တို့အဖွဲ့ကဖြစ်သွားတာ။ ကျနော်တို့အနေနဲ့ တိုက်ရိုက် စွက်ဖက်လို့ မရတော့ဘူး။

ဒီ "စပိုင်" ဆိုပြီး စွပ်စွဲပြီး ဖမ်းခဲ့တော့ အဲဒါ ကျနော်တို့လည်း မသိဘူး၊ ဘယ်ဟာ အမှန် အမှား ဆိုတာ။ ဒါပေမယ့် "ထောက်လှမ်းရေးတွေ ဖြစ်နေတယ် ဆိုတာတောင်မှ မသတ်ပါနဲ့၊ သူတို့ကို လွှတ်လိုက်ပါ" ဆိုပြီးတော့ ကျနော်တို့က KIO ပေါ့၊ အဲဒီတုန်းက။ KIO ရဲ့ ဆက်သွယ်ရေးစက်ကတဆင့် တောထဲကနေ ကျနော်က လှမ်းပြီး ပို့လိုက်ပါတယ်။

ဒါပေမယ့် သတ်ဖြတ်မှုတွေ၊ အဲလို ဖမ်းဆီးမှုတွေ၊ နှိပ်စက်မှုတွေ ဖြစ်နေတယ်လို့ ကျနော်တို့ ကြားလာတယ်။ ကြားလာတဲ့အတွက် ကျနော်တို့က စာထုတ်ပြီးတော့ ကန့်ကွက်တယ်၊ ၁၉၉၂ ခုနှစ် မတ်လပိုင်းလောက် ဖြစ်မယ်။ ကျနော်တို့မှာ စာတွေ ရှိတယ်၊ အဲဒီတော့ ဒီလုပ်ရပ်ကို တားဆီးပေးဖို့ ဆိုတဲ့ဟာတွေ ပါပါတယ်။

(မှတ်ချက် - ကိုမိုးသီးဇွန် ပြောတဲ့စာ ဆိုတာ ၈-၂-၁၉၉၂ ရက်နေ့က ကိုမိုးသီးဇွန် ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်ကို ပြောတာ ဖြစ်ပါတယ်။ http://democracyforburma.wordpress.com/2012/01/30/absdf-moetheezun-statement-on-northen-alledged-spies-case-1992-engl/ )

ခုဟာကျတော့ ဘယ်လိုဖြစ်လာလဲ ဆိုတော့ ABSDF ဗဟို မိုးသီးဇွန်က ဥက္ကဌ လုပ်တဲ့အချိန် သူကပဲ အမိန့်ပေးလိုက်သလိုလို တချို့ အင်တာနက် Facebook တွေမှာလည်း ရေးတာတွေ ကျနော်တို့ တွေ့ရတယ်။ ဒါကတော့ နိုင်ငံရေးအရ သက်သက် လုပ်ကြံတာလို့ ကျနော် ပြောချင်တယ်။

ဥပမာပေါ့ ကိုထွန်းအောင်ကျော်နဲ့ ပတ်သက်လို့ ကိုမောင်မောင်ကြွယ်တို့၊ နောက်တခါ ကိုထိန်လင်းတို့ပေါ့ဗျာ၊ နောက် ကျနော်တို့သိတဲ့ လူတွေလည်း ပါသွားတာကိုး။

အဲတော့ အဲဒီကာလက ကျနော်တို့ ဒီဖက်က ယူဆတာကတော့ မိုးသီးဇွန်ကိုထောက်ခံတဲ့အဖွဲ့ကို နိုင်အောင်ကို ထောက်ခံတဲ့အဖွဲ့က သတ်လိုက်တယ်လို့ပဲ ကျနော်တို့ သုံးသပ်ထားတာ။ တချိန်တုန်းက ဗကပ မှာ ဖြုတ်ထုတ်သတ်တွေ ဖြစ်ခဲ့ဖူးတယ်။ အဓိက ကတော့ ရန်သူက ၀င်ပြီး သွေးထိုး လှုံ့ဆော်တယ်လို့ပဲ ကျနော် သုံးသပ်ပါတယ်။ လူတွေဟာ အတွေ့အကြုံနည်းတာရယ်၊ သမိုင်းကို မလေ့လာတာပေါ့လေ၊ အဲဒီပေါ်မှာ သူတို့က မှန်မှန်ကန်ကန် သိမ်သိမ်မွေ့မွေ့ မဆုံးဖြတ်နိုင်တာတွေ ဖြစ်သွားတယ်ပေါ့ဗျာ။"

-
ကိုဉာဏ်ဝင်းအောင် (RFA) - ABSDF ခေါင်းဆောင်ဟောင်းတဦး ဖြစ်တဲ့ ဒေါက်တာနိုင်အောင် ကတော့
မကြာခင်မှာ သူ့အနေနဲ့ ရှင်းလင်းချက် တစောင် ထုတ်ပြန်ဖို့ ရှိပြီး အခုလောလောဆယ် ဒေါက်တာနိုင်အောင်က အခုလို ပြောပြတယ်။

ဒေါက်တာနိုင်အောင် (ABSDF ဥက္ကဋ္ဌဟောင်း) - "ကျနော့်တယောက်တည်း အနေနဲ့ ရှင်းလင်းချက်ပေါ့ နော်၊ အဲလိုမျိုးလေး ထွက်ဖို့ရှိတယ်။ အလုပ်ရှုပ်နေတော့ အဲဒီဟာလေးကို ကျနော် ရေးဖို့ကိစ္စက လက်စမသတ်နိုင်ဘူး ဖြစ်နေတယ်။ ဟိုဟာ လူတွေက အချက်အလက်တွေ မှားပြောနေတာတွေ၊ ထင်ရာမြင်ရာ ပြောနေတာတွေလေ၊ တချို့ဆို ပြောတာရှိတယ် ကျနော် ရောက်သွားပြီးတော့ အမိန့်ပေးလိုက်ပြီး သတ်လိုက်တာတို့၊ ဘာတို့ ညာတို့လေ။ အဲလိုမျိုး လွဲတာတွေ အများကြီး ရှိတယ်ဗျာ။

တခုလုံး အနေနဲ့ ပြောရရင် ဗဟိုမှာ တာဝန်ရှိတာတော့ ရှိတာပေါ့။ ဒါပေမယ့် ကျနော်တို့က ဖြစ်ပြီးတော့မှ ကျနော်တို့က သိရတာ။ အဲဒီအချိန်တုန်းကလည်း ကိုယ့်မှာက ကွဲနေတဲ့အချိန်။ မာနယ်ပလောထိုးစစ်နဲ့၊ နောက် စားဝတ်နေရေးနဲ့။ ပြီးတဲ့အခါကျတော့ ကျနော်တို့ ကိုယ်စားလှယ်တယောက် ပို့လိုက်တယ်၊ အဲဒီကိုယ်စားလှယ်က ပြန်မလာသေးဘူး။

သူတို့ အဲဒီဥစ္စာတွေ Nation သတင်းစာထဲ ရင်ဒီ (Yindi Loetcharoenchok) က ရေးလို့ ပါလာတော့မှ ကျနော်က သိပြီးတော့ ကျနော်က ကမန်းကတန်းနဲ့ လိုက်သွားရတာ ဆိုတော့ အဲလိုမျိုးဟာမျိုးတွေလေ။

ဗဟိုအနေနဲ့ အဖွဲ့အစည်းတခု ဖြစ်တဲ့အခါကျတော့ ကျနော် တာဝန်ယူရတယ် ဆိုပေမယ့် မြောက်ပိုင်းကိုလည်း ကျနော်တို့က ပိုင်တာမဟုတ်ဘူး၊ အမိန့်ပေးလို့ ရတာလည်း မဟုတ်ဘူးဗျာ။ ဆိုတော့ အဲဒီအချိန်ကမှစပြီး ABSDF ကို တည်ဆောက်နေရတဲ့အချိန်ကိုး။

ရိုးရိုးလေးပဲပေါ့ဗျာ၊ ဒီလောက်များတဲ့ လူတွေ `စပိုင်´ ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာချည်းကိုး။ ဆိုတော့ ကျနော်တို့ရဲ့ ဦးတည်ချက်က တခုပဲရှိတယ်။ အဲလို ဖမ်းထားတဲ့လူတွေကို ထပ်မသတ်ဖို့၊ နောက် လွှတ်ပေးဖို့ပေါ့။ အဲဒါ မြောက်ပိုင်းနဲ့ ညှိတဲ့အခါကျတော့ သူတို့က "မိဘတွေကို တနှစ်နေပြီး ပြန်အပ်ပြီးတော့ လွှတ်ပေးမယ်" ဆိုတဲ့ဟာမျိုး ပြောတော့ ကျနော်တို့ ဒါပဲ လုပ်ပေးနိုင်တယ်ဗျ။ "ဟို တနေ့နေ့ကျရင်တော့ ဒီကိစ္စတွေ ရှင်းရမှာပဲ" ဆိုတာမျိုး အားလုံးက ဗဟိုက ခံယူထားတယ်။ သူတို့ကိုလည်း ကျနော်တို့ ပြောပြတယ်.. မြောက်ပိုင်းက တာဝန်ရှိတဲ့လူတွေကို ပြောတာပါ။"

-
ကိုဉာဏ်ဝင်းအောင် (RFA) - ရန်ကုန်မြို့မှာ လက်ရှိ နေထိုင်သူ မသင်းသင်းညီကတော့ ဒီမြောက်ပိုင်း သတ်ဖြတ်မှု အမှုမှန် ထုတ်ဖော်လိုခြင်းရဲ့ ရည်ရွယ်ချက်ကို အခုလို ရှင်းပြပါတယ်။

မသင်းသင်းညီ (မျက်မြင်သက်သေ) - "ကျနော်တို့က ဒီ သေသွားတဲ့ လူတွေ၊ အသတ်ခံလိုက်ရတဲ့ ကျောင်းသားတွေ အားလုံးဟာ ထောက်လှမ်းရေး မဟုတ်ဘဲနဲ့ အသတ်ခံရတာကိုပဲ အားလုံးကို သိစေချင်တာပေါ့။ သူတို့ကိုလည်း သူတို့ မှားခဲ့တယ် ဆိုတဲ့ဟာကို ဝန်ခံစေချင်တာ။ ဒီတခုထဲပဲ ရှိပါတယ်။ ယုံကြည်ချက်နဲ့ ထွက်သွားကြတဲ့ လူတွေ အားလုံးဟာ "ထောက်လှမ်းရေးပါ" ဆိုပြီး အသတ်ခံလိုက်ရတာ သမိုင်းမှာ ကျန်ခဲ့တာကို မလိုချင်ဘူး။ သမိုင်းမှန်ကိုပဲ လိုချင်တာပါ။"



ကိုဉာဏ်ဝင်းအောင် (RFA) - လက်ရှိ ABSDF ဥက္ကဋ္ဌ ကိုသံခဲ ကတော့ ဒီမြောက်ပိုင်း သတ်ဖြတ်မှု အတွက် တစုံတရာ ဝေဖန် ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

-
ကိုဉာဏ်ဝင်းအောင် (RFA) - ABSDF လက်ရှိ ဒုဥက္ကဋ္ဌ ကိုမျိုးဝင်း ဒီလို ပြောပြပါတယ်။

ကိုမျိုးဝင်း (ABSDF လက်ရှိ ဒုဥက္ကဋ္ဌ) - "အေဘီ မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီ အဖြစ်အပျက်နဲ့ ပတ်သက်လို့ပေါ့နော်.. အမှန်တရားနဲ့ တရားမျှတမှုကို ဖြစ်စေဖို့အတွက်ကို နစ်နာခဲ့တဲ့ လူတွေအတွက်လည်းပဲ ကျနော်တို့ တစုံတရာ ပြန်လည်ပြီးတော့ အဖြေရှာပေးနိုင်ဖို့အတွက်ကို ကျနော်တို့ ကော်မတီတရပ်ကို ဖွဲ့စည်းပြီး တာဝန်ပေးခဲ့ပါတယ်။


ကိုဉာဏ်ဝင်းအောင် (RFA) - အေဘီ မြောက်ပိုင်း ဖြစ်ရပ်မှာ အသတ်ခံရသူတွေ၊ ညှဉ်းပန်း နှိပ်စက်ရင်း သေဆုံးသွားသူတွေအတွက် ကျန်ရစ်သူ မိသားစုတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဒီရက်ပိုင်းတွေအတွင်း ဝမ်းနည်းဘွယ် အနှစ် ၂၀ ပြည့် အခမ်းအနားတွေ ကျင်းပကာ ကောင်းမှုကုသိုလ်တွေ ပြုကြတာလည်း သိမြင်ရကြောင်းပါခင်ဗျာ။"

မငယ်ရေ့.
မြောက်ပိုင်းကိစ္စကတော့ကြောက်စရာကောင်းလှချည်လား
ဒါတွေကတော့နေရာလုမှုကိစ္စတွေပဲ

ဘယ်သူလုပ်တာလဲ ဘာကြောင့်လုပ်တာလဲ ဖတ်ရတာတောင် တော်တော်ကြောက်ဖို့ ကောင်းတယ်။ အမှန်တရား မြန်မြန်ပေါ်ပါစေလို့ ဆုတောင်းပါတယ်။ တော်တော် အောက်တန်းကျပြီးလူစိတ်မရှိတဲ့လူတွေပဲ ကျောင်းသားအချင်းချင်းကိုလုပ်ရက်လိုက်တာ။

သမိုင်းအဖျက်ခံရသူများ၏ စိန်ခေါ်သံ
( နန်းအောင်ထွေးကြည် )

ကြောက်စရာမလို ပုန်းစရာလဲ မလို
ပြေးစရာမလို ရှောင်စရာလဲမလို
မှန်တယ်ထင်ရင် ရင်ဆိုင်လိုက်ပေါ့
အားလုံးကိုယ်စား ……. ငါက မင်းကို စိန်ခေါ်တယ်၊
အနှစ် ၂၀ လုံး စကားတွေ ဖေါင်ဖွဲ.
သူလျှိုမို.လို. သတ်ရပါသည်
စပိုင်မို.လို. အပြစ်ပေးရပါသည်
ရင်နဲ.မမျှ နာကျင်ခဲ့ရ
အချိန်မတန်သေး၍ ရေငုံ နှုတ်ဆိတ်နေခဲ့ရသည်။

ငါ့လက်ထဲမှာ သေနတ်မရှိ
ခုတ်ဖြတ်ဖို.လဲ ဒါးမရှိပါ
လက်ဖြတ်ပစ်ဖို. မိုင်းမရှိ
ရက်စက်ဖို.လဲ ကားစင်မရှိပါ
ကွန်ပြူတာ ခလုပ်မှာ ပြေးကစားတဲ့ လက်ချောင်းလေးများကို
မင်းကဘာလို. ကြောက်နေလဲ ……..
အချိန်မဆွဲနဲ. ရှောင်မပြေးနဲ. ယောင်္ကျားဆိုတာ
မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်ပေါ့

အားလုံးကိုယ်စား ……. ငါက မင်းကို စိန်ခေါ်တယ်၊
ဟိုးတစ်ချိန်က မနောမြေမှာ
ဂုဏ်ယူဝံ့ကြွား မင်းပြောခဲ့တယ်
ကျောင်းသားစစ်တစ်ယေါက် မှားပါခဲ့ရင်
ကိုယ့်စိတ်နဲ.ကိုယ် ကြိုးစင်တက်မတဲ့ ……….
ကြောက်နေပြီလား အယောက် ၁၀၀ ဟာ ကျောင်းသားတွေပါ
မင်းမှန်တယ်ဆို ခုရင်ဆိုင်စမ်း
အားလုံးကိုယ်စား ……. ငါက မင်းကို စိန်ခေါ်တယ်၊

ရထားတဲ့ စစ်ချက်များ တင်ပြလိုက်စမ်း
ရိုက်ထားတဲ့ကား ချပြလိုက်စမ်း
မင်းသား မင်းသမီး တင်ကာထားသမို.
ကြည့်လိုက်ခြင်းသည်
ငါကဒါမေး မင်းကဒါဖြေ
ဇတ်တိုက်ထားတဲ့ ပြက်လုံးကွက်များ
မရှိတဲ့အဆိပ် လုပ်ယူပြသ
ဓါတ်ခဲထဲမှ အမှုံ.များနဲ. လိမ်ညာကေါက်ကျစ်
ဒါလားကျောင်းသား မင်းမပြောနဲ.
မင်းမှန်တယ်ဆို ရင်ဆိုင်လိုက်စမ်း
အားလုံးကိုယ်စား ……. ငါက မင်းကို စိန်ခေါ်တယ်၊

ဒေါင်းစစ်စစ်က ကျီးဖြစ်ခဲ့ရ
ဒေါင်းယေါင်ဆောင်တဲ့ ကျီးလို လူတစ်စု
အုပ်ချုပ်ခဲ့လို.
ရွှေဝါရောင်ဒေါင်း အနက်မှောင်လွှမ်းခဲ့
ကမ္ဘာမကြေ မြန်မာပြည်
ခွတ်ဒေါင်းတို.ရဲ. စိန်ခေါ်သံတွေ
ပျံ.နှံ.နေပြီ နားထောင်လိုက်စမ်း
ကြောက်နေပြီလား မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်စမ်း
အားလုံးကိုယ်စား ……. ငါက မင်းကို စိန်ခေါ်တယ်၊

လူမသတ်ခဲ့သော ကျောင်းသားလက်များ
မိဘပြည်သူ ကြည်ဖြူလိမ့်မယ်
ကျောင်းသားဆိုတာ ဖြူစင်ရတယ်
သွေးညှီနံ.နဲ. ကင်းဝေးရတယ်
ရှေ.ဆက်မပြောနဲ. ကျောင်းသားပါလို.
မကဒတ က ကျောင်းသားတပ်မတော်
မင်းတို.တတွေက ကျောင်းသားသတ်မတော်
မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်စမ်း
အားလုံးကိုယ်စား ……. ငါက မင်းကို စိန်ခေါ်တယ်၊

မင်းတို.တတွေရဲ. သမိုင်းကြွေး
မင်းတို. ပြန်ပေး
AB ကို ဖြူစင်အောင်လုပ်
ပြည်သူတွေကြား ရွံအောင်မလုပ်နဲ.
မင်းတို.တတွေကို ကျောင်းသားသမိုင်းမှာ ကဗျည်းတင်လိုက်မယ်
စစ်အာဏာရှင် ဖက်ဆစ်များနဲ. တဂိုဏ်းထဲလို.
ငြင်းဆန်ချင်ရင် ငြင်းလိုက်လေ
မင်းမှန်တယ်ထင်ရင် ရင်ဆိုင်လိုက်ပါ
အားလုံးကိုယ်စား ……. ငါက မင်းကို စိန်ခေါ်တယ်၊
.
ငါတို.သမိုင်းစစ် ပေါ်ထွန်းနေပြီ
မင်းတို.သမိုင်းညစ် အများသိပြီ
ငါ့မိဘရင် ငါပြန်ရဲတယ်
ငါ့ပြည်သူ.ရင် ငါခိုလှုံရဲတယ်
ငါတို.တတွေမှာ အပြစ်မရှိပါ …….
မင်းတို.မှာသာ အပြစ်က အနှစ် ၁၀၀ ……..
ငါ့လို မင်းတို. ပြည်ပြန်ရဲလား
ပြည်သူ.ရှေ.မှောက် လျှောက်လှမ်းရဲလား
သံဃာမြတ်ကို ဖူးမျှော်ရဲလား
၈၈ မျိုးဆက်အပေါင်းနဲ. ပြန်ပေါင်းရဲလား
မျိုးဆက်သစ်များနဲ. တွေ.ဆုံရဲလား
မှန်တယ်ထင်ရင် ရင်ဆိုင်လိုက်စမ်း
အားလုံးကိုယ်စား ……. ငါက မင်းကို စိန်ခေါ်တယ်။
.
( နန်းအောင်ထွေးကြည် ).
.

(၁၉၉၁ မှ ၁၉၉၂ ခုနှစ်ထိ မကဒတ မြန်မာပြည်မြောက်ပိုင်းမှ အာဏာရှင် လူသတ်သမား ရော်နယ်အောင်နိုင် နှင့် လူသတ်မှုများအား ၀ိုင်းဝန်းအားပေးခဲ့သော၊ တာဝန်ယူခဲ့သော ခေါင်းဆောင်ပိုင်းတို.အား ရည်စူးပါသည်။)

February 16, 2012
(Credit - Ko Maung Maung Wann)

February 16, 2012


ကိုထိန်လင်း မြောက်ပိုင်း ကို စရောက်တဲ့အချိန်က စပြောပြပါ။ ဘယ်အချိန်က ရောက်တာလဲ။

မြောက်ပိုင်းကို စရောက်တာက ပတ္တနိကုသဏ ကံဆောင်ပွဲတွေ နှိမ်နင်းပြီးတဲ့ အချိန်လောက်ပါ။ အမှန်က ကျွန်တော်က အိန္ဒိယကနေ ထွက်လာတာ။ အိန္ဒိယကမ့် (camp) မှာ နှစ် နှစ် နေပြီးပြီ။ နေပြီးတဲ့ အချိန်မှာ အခု တောင်ကြီးထောင်ထဲမှာ ကျန်နေတဲ့ ဦးရွှေထူး။ ဦးရွှေထူးက အဲဒီအချိန်မှာ ဒီပတ္တနိကုသဏကံ ဆောင်ပွဲမှာ မစိုးရိမ်တိုက်မှာ ဘုန်းဘုန်းတွေနဲ့ နေပြီး စီမံနေတော့ ဦးရွှေထူးကနေ လှမ်းပြီး အသံပြုလိုက်တာ။ အဲဒီတုန်းက ကျွန်တော်က ပန်းချီအလုပ်တွေ၊ အနုပညာအလုပ်တွေ စပြီးတော့ လုပ်နေပြီလေ။

ဒါပေမဲ့ အဲဒီလို ဝါဒဖြန့်ချီရေး ကိစ္စပေါ့။ ကျောင်းသားတပ်မတော်တို့ ဘာတို့ပေါ့။ ဦးရွှေထူးက အဲဒါကို ဆရာတော်တွေနဲ့ လာလုပ်စေချင်တာ ဆိုတော့ အဲဒါနဲ့တင် သွားလိုက်တာ။ မြန်မာပြည်ထဲကို ခိုးဝင်လာတာပေါ့နော်။ ကျွန်တော် မန္တလေး ရောက်တဲ့နေ့မှာပဲ အဲဒီ ကံဆောင်ပွဲကို နှိမ်နင်းတဲ့ဟာက ဖြစ်နေပြီ။ ဖြစ်နေတော့ ကျွန်တော် ဘုရားကြီးက တိုက်ထဲကနေ မြင်လိုက်တာနဲ့ တပ်က ကျောင်းကို ဝိုင်းထားလိုက်တာ။ မြင်လည်း မြင်ရတယ်။ အဲဒါနဲ့တင် ဘုရားဖူးတွေနဲ့ ရောပြန်ပြေးပြီးတော့ ရေနံချောင်း သွားတယ်။ အဲဒီမှာ စုံစမ်းလိုက်တော့ အေဘီ မြောက်ပိုင်း မှာ ကိုယ့်ရဲဘော်တွေ ရှိတယ်။ ကသာတို့၊ မိုးညှင်းတို့ အဲဒီမှာရှိတဲ့ ကျောင်းနေဖက်တွေ။ သူတို့တွေကလည်း သပိတ် ခေါင်းဆောင်တွေပဲ။ အဲဒါနဲ့ ကျွန်တော် ကချင်ပြည်ကို တက်သွားလိုက်တာ။

ဆိုတော့ ၉ဝ ရွေးကောက်ပွဲ အပြီး။ ပတ္တနိကုသဏကံဆောင်ပွဲ အပြီးလောက်မှာပေါ့။ ၁၉၉ဝ နှစ်လယ်လောက်ပေါ့။ ပြောမယ် ဆိုရင်တော့ မိုးတွင်းကြီး ဇွန်၊ ဇူလိုင် လောက်မှာ။ မိုးညှင်းကနေ တက်သွားတာ။ တပ်ရင်း (၅) လေ။ အဲဒီမှာ ကျောင်းသားတွေ တွေ့ရတယ်။ လက်နက်ကိုင်ထားတာ တွေ့ရတယ်။ အဲဒီအချိန်မှာ တပ်မတော်ထိုးစစ်က အသည်းအသန် ထိုးတာ။ မိုးတွင်းကြီး။ ဧရာဝတီမြစ်ကိုလည်း သူတို့က ပိတ်ထားလိုက်တယ်။ သင်္ဘောတွေနဲ့ ပိတ်ထားတာ။ စစ်သင်္ဘောတွေ ဧရာဝတီမြစ်နဲ့ ရထားသံလမ်းကြား။ သူတို့ခေါ်တာတော့ မိုးညှင်းရင်း (၅) ခွင်ပေါ့။ ကောက်ကွေ့ချောင်းနဲ့ ရင်း (၅) ခွင်။ အဲဒီခွင် ထဲမှာ (၇) လ၊ (၈) လ လောက် ကြာတယ် ထွက်မရဘူး။ အဲဒီမှာ ပတ်ပြီး တောထဲမှာ ဝှက်ထားတဲ့ ဆန်တွေ ဘာတွေ စားသောက်ပြီး နေရတာ။

ဒါပေမဲ့ အဲဒီမှာကတည်းက ဒေသခံ ABSDF ရဲဘော်တွေရဲ့ သဘောထားတွေ ကြည့်ကတည်းက ပြဿနာ ရှိနေပြီ ဆိုတာ ခံစားလို့ ရတယ်။ သူတို့ကကျတော့ ဘယ်လိုလဲ ဆိုတော့ ရွာဘက်က လာတဲ့သူတွေ ဖြစ်တယ်။ ပြောမယ် ဆိုရင်တော့ တောနေတောစား ကျွမ်းကျင်တယ်ပေါ့နော်။

ကျွန်တော်တို့က မြို့ပေါ်က လာရတယ်။ မိဘအလုပ်အကိုင်မှာလည်း ဒီဟာမျိုး မရှိဘူး။ ဆိုလိုတာကတော့ နှီးမဖြာတတ်ဘူး၊ တိုင်မခုတ်တတ်ဘူး၊ ဝါးမခုတ်တတ်ဘူး။ ကျွန်တော်တို့ နှီးမဖြာတတ်၊ တိုင်မခုတ်တတ်၊ ဝါးမခုတ်တတ်တာကို ရွာဘက်က လာတဲ့ ဒေသခံ ABSDF ရဲဘော်တွေက "အပြစ်" လို့ မြင်တာလေ။ ခေါင်းဆောင်တွေပိုင်းက အစ ပြောတာလေ။ "မင်းတို့ ရန်ကုန်က တက်လာတဲ့ ကောင်တွေက အကုန်လုံး ဘော်ကျော့ချည်းပဲ။ လက်ကြောတင်းတဲ့ ကောင် တစ်ကောင်မှ မပါဘူး။ ဒါနဲ့များ တော်လှန်ရေး လုပ်ဦးမယ်" လို့ ပြောတာလေ။ ကျွန်တော်တို့ကို ပြောတာလည်း ပါတယ်။ ကျန်တဲ့သူတွေကိုလည်း အသိပေးနေတာလည်း ပါတယ်။ "ဒီကောင်တွေဟာ အလကားကောင်တွေပါ။ ရန်ကုန်၊ မန္တလေးက တက်လာတဲ့ ကောင်တွေဟာ အလကားကောင်တွေ။ တော်လှန်ရေးမှာ ဘာရုပ်မှမပေါက်ဘူး" ဆိုတဲ့ဟာမျိုးပေါ့။

ကျောင်းသားတွေ ကိုယ့်အချင်းချင်း သတ်လာတာ။ အဲဒီ ပဋိပက္ခရဲ့ အစမြစ်ဖျားခံတာ ဘယ်ကစတာလဲ။

ဒေသခံ ABSDF ရဲဘော်တွေက ရန်ကုန်၊ မန္တလေးက တက်လာတဲ့ ABSDF ရဲဘော်တွေကို ဒီလို နှိမ်တဲ့အနေနဲ့ ချိုးချိုးဖဲ့ဖဲ့ ပြောပြီး ပြဿနာ လုပ်နေတာရဲ့ အစက ကျွန်တော် မရောက်ခင် အစောပိုင်း နှစ်တွေကတည်းက ဖြစ်နေတာ။ ဒါက နောက်မှ ကျွန်တော် ပြန်ကောက်ရတာပေါ့နော်။ ဒါက ရေရှည် ဖြစ်နေတဲ့ ပြဿနာပေါ့။

ဒါပေမယ့် အဲဒီ ရေရှည် ပြဿနာ အပြင် လတ်တလောပြဿနာ တစ်ခုလည်း ရှိတယ်။ လတ်တလောပြဿနာက ကျွန်တော်တို့ ဗဟိုကို ရောက်ပြီးတော့ ရှစ်လေးလုံးပွဲ လုပ်တယ်။ လုပ်ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့နဲ့အတူ မန္တလေးဘက်က တက်လာတဲ့ စိုးမြတ်အောင် ဆိုတဲ့ ရဲဘော်လေးတစ်ယောက် ထွက်ပြေးတယ်။

အဲဒီကနေ သံချောင်း၊ မျိုးဝင်းတို့က ရန်ကုန်၊ မန္တလေးက တက်လာတဲ့ ABSDF ရဲဘော်တွေကို ဖမ်းဖို့ လမ်းကြောင်း ရသွားတာပေါ့လေ။ သံချောင်း၊ မျိုးဝင်းတို့က စိုးမြတ်အောင် ကို ဖမ်းလိုက်တယ်။ စိုးမြတ်အောင် ထွက် မပြေးလည်း သံချောင်း၊ မျိုးဝင်းတို့က ဒီ ကျွန်တော်တို့ကို ဖမ်းဖို့ကိစ္စကို လုပ်တော့မှာပဲ။ ဘယ်သူ ဘာပဲဖြစ်ဖြစ် အစတစ်ခုကနေ ဖမ်းပြီး လုပ်တော့မှာပဲ။

အဲဒီတော့ ဒီပြဿနာတွေ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ သံချောင်း၊ မျိုးဝင်းတို့ အုပ်စုနဲ့ ရန်ကုန်၊ မန္တလေး အုပ်စုကြားက ပြဿနာတွေက ဘယ်ကစပြီး ဘယ်လို ဖြစ်လာတာလဲ ဆိုတာကို ပြန်ကောက်တဲ့အခါမှာ ကျွန်တော် မရောက်ခင် ရှစ်လေးလုံး အပြီးမှာ မြောက်ပိုင်းမှာ ရှိနေတဲ့ မိုးညှင်း၊ နမ္မား၊ မိုးကောင်း စသည်ဖြင့် အဲဒီက သပိတ်ခေါင်းဆောင်တွေက ကချင်မြေကို အရင်ဆုံး ရောက်သွားတာ။ ရောက်သွားပြီး တပ်ဖွဲ့တွေ ထူထောင်တယ်။ KIA နဲ့အတူ ပူးတွဲပြီးတော့ စစ်ရေးတာဝန်ယူမယ် ဆိုတဲ့ဟာမျိုးနဲ့ ။

သံချောင်း၊ မျိုးဝင်း၊ အောင်ကြီးတို့က အဲဒီဘက်က ခေါင်းဆောင်တွေ၊ အရင်ရောက်နှင့်သူတွေ။ သူတို့မှာတော့ ဘယ်လို ပြဿနာတွေရှိလဲဆိုတော့ တပ်ဖွဲ့အတွင်း အကြီးအကျယ် အာဏာသုံး၊ သူတို့လာရင် ရဲဘော်တွေက မတ်တပ်ရပ်၊ သတိဆွဲပေါ့။ ရဲဘော်တွေက ပါးရိုက်လည်းခံ၊ နားရိုက်လည်းခံ။ သူတို့ရဲ့ဝေယျာဝစ္စတွေကအစ လိုက်လုပ်ပေးရတဲ့ ဟာမျိုးတွေ ပေါ့။

နောက်တစ်ခါ တချို့ ခေါင်းဆောင်တွေကျတော့လည်း ငွေကြေးတွေ ရလာတော့ မိသားစုတွေဆီကို ပြန်ပို့တာတို့၊ စည်းစိမ်ခံတာတို့ပေါ့ဗျာ။ အဲဒါမျိုးတွေ ရှိတော့ ABSDF မြောက်ပိုင်းတပ်က တော်လှန်ရေးတပ်ဖွဲ့ သိပ်မဆန်ဘဲနဲ့ ဂိုဏ်း နည်းနည်း ဆန်လာတယ်။ နိုင်ငံရေး မပါဘဲနဲ့ အကြမ်းဖက်ဂိုဏ်း တစ်ခုလို ဖြစ်လာတယ်။

အဲဒီနောက်ပိုင်းမှာ ရန်ကုန်၊ မန္တလေးက ကျောင်းသားတွေ ရောက်လာတယ်။ ကိုထွန်းအောင်ကျော် အပါအဝင် ကိုအောင်နိုင်တို့ ရောက်လာတယ်။ အဲဒီလို ရောက်လာတဲ့အခါကျတော့ ကွာခြားသွားတယ်။ ဥပမာ ကိုရဲလင်းတို့ဆို ဒီကနေ တက်သွားတဲ့သူတွေ၊ ပါတီတာဝန်တွေ ဘာတွေ လုပ်ဖူးတယ်။

ရန်ကုန်-မန္တလေးက တက်လာတဲ့ ကျောင်းသားတွေက နိုင်ငံရေးစာပေတွေ ဖတ်ရှု လေ့လာတယ်။ သမိုင်းကြောင်း လေ့လာမှု၊ ရှစ်လေးလုံး အရေးတော်ပုံကြီး တစ်ခုလုံးအပေါ်မှာ ကြေညက်ခဲ့တယ်။ ဒီတော့ ရန်ကုန်-မန္တလေး ကျောင်းသားတွေ နဲ့ ဒေသခံ ကျောင်းသားတွေ ကွာသွားပြီလေ။ စကားပြောလိုက်တာနဲ့ ကွာသွားပြီ။

ရန်ကုန်-မန္တလေး ကျောင်းသားတွေက အသစ်ရောက်လာတဲ့ ရဲဘော်တွေ ဖြစ်သော်လည်း နဂိုရောက်လာတဲ့ အောက်ခြေရဲဘော်တွေ အမြင်မှာ ကိုထွန်းအောင်ကျော် တို့လို လူတွေနဲ့ သူတို့ အေဘီ မြောက်ပိုင်းတပ်မှာ နဂို ရှိထားတဲ့ သံချောင်း၊ မျိုးဝင်း တို့လို ခေါင်းဆောင်တွေနဲ့ ဆိုတာ အကြီးအကျယ် ကွာခြားသွားပြီ။ အဲဒီလိုအပြင် အနေအစားတွေလည်း ကွာလာပြီ။ ကိုထွန်းအောင်ကျော် အပါအဝင် ရန်ကုန်-မန္တလေးက တက်လာတဲ့ ကျောင်းသားတွေက အနေအစားတွေမှာလည်း တကယ့် ရဲဘော်ရဲဘက်စိတ်နဲ့ အတူနေတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လေးလေးစားစား နှိမ့်နှိမ့်ချချနဲ့ ဆက်ဆံတတ်တဲ့ သူတွေပေါ့နော်။

ဆိုတဲ့အခါကျတော့ "တကယ် ယဉ်ကျေးတဲ့ သူတွေက ရန်ကုန်-မန္တလေး ကျောင်းသားတွေပါလား" ဆိုတာကို အောက်ခြေရဲဘော်တွေက သိလာတော့ အေဘီ မြောက်ပိုင်းတပ်မှာ နဂို ရှိထားတဲ့ ခေါင်းဆောင်တွေ ဖြစ်တဲ့ သံချောင်း၊ မျိုးဝင်း၊ အောင်ကြီးတို့ကို လက်မခံချင်တော့ဘူး။

နောက်ဆုံးကျတော့ ပြောရရင် ဘယ်လိုလဲ ဆိုတော့ တပ်တွင်းမှာ ဆန္ဒပြမှုဆန်ဆန်ပေါ့။ သင်တန်းမဆင်းတော့တာ၊ တန်းမစီတော့တာတို့ ဖြစ်လာတာပေါ့။ အဲဒီမှာတင် သံချောင်း၊ မျိုးဝင်းတို့က ဆွေးနွေးပွဲ ပြန်လုပ်တော့ "ဟုတ်ပြီ၊ ခေါင်းဆောင်တွေကို မကျေနပ်တာတွေကို လွတ်လွတ်လပ်လပ် ပြောဆိုကြပါ" ဆိုပြီး ဖြစ်လာတာပေါ့။

အဲဒီမှာတင် ရန်ကုန်-မန္တလေးက တက်လာတဲ့ သူတွေက ဝေဖန်တာ တွေ လုပ်ကြတယ်။ ဒေါ်ချိုချိုကျော်ငြိမ်း သား ကိုမောင်မောင်ကြွယ်၊ ဦးဇော်ခင်ရဲ့သား မောင်ဝဏ္ဏဇော် တို့ စသည်ဖြင့် Stage ပေါ်မှာ ကျင့်သားရနေပြီးသား လူတွေက ဦးဆောင်ပြီး လက်ရှိ ရှိထားတဲ့ ခေါင်းဆောင်တွေ ဖြစ်တဲ့ သံချောင်း၊ မျိုးဝင်း၊ အောင်ကြီးတို့ရဲ့ အားနည်းချက်တွေကို ထောက်ပြ ဝေဖန်တာတွေ လုပ်ကြတယ်။ "ဒီမိုကရေစီတပ်ဖွဲ့ဆိုရင် ဘယ်လိုမျိုး ဖြစ်သင့်တယ်။ အခုလို လုပ်နေတာတွေက လူဆိုးဂိုဏ်းနဲ့ တူတယ်" ဆိုတာမျိုးပေါ့။

ဆိုတော့ သံချောင်း၊ မျိုးဝင်း၊ အောင်ကြီးတို့ အရှက်ရသွားကုန်တယ်။ အများအလယ်မှာ အရှက်ရတယ်။ နောက် မဲခွဲလိုက်တဲ့ အခါကျတော့ တစ်မဲမှ မရတော့ဘူး။ မရတော့ ဒါလည်း အကြီးအကျယ် အရှက်ကွဲတယ်။ အရှက်ကွဲတော့ အဲဒီမှာ ဒီဟာက အငြှိုးပဲ။

ဒါပေမဲ့ ကိုထွန်းအောင်ကျော်တို့ ရွေးကောက်ပွဲနဲ့ ခေါင်းဆောင်တင်မြှောက်လိုက်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ကိုညီဂျော်တို့၊ ကိုရဲလင်းတို့၊ ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင် စတဲ့ ရန်ကုန်၊ မန္တလေးက လာတဲ့သူတို့။ နောက် ဦးစိန်တို့၊ ဦးစိန် ဆိုတာက ၁၉၇၄ ကတည်းက ယူဂျီ အနေနဲ့ တောက်လျှောက် လုပ်လာတာ။ အကျဉ်းထောင် အကြိမ်ကြိမ် ကျလာတဲ့သူ။ ဆိုတော့ ပြည့်ဝမှုတို့ ဘာတို့က သံချောင်း၊ မျိုးဝင်း၊ အောင်ကြီးတို့နဲ့ ကွာသွားပြီလေ။ ဦးစိန်တို့လည်း ခေါင်းဆောင်တွေ ဖြစ်လာတယ်။

ဒါပေမဲ့ ပြဿနာက အေဘီ မြောက်ပိုင်းတပ်မှာ ဟိုနဂို အာဏာရှိထားတဲ့ သံချောင်း၊ မျိုးဝင်း၊ အောင်ကြီးတို့က ရွေးကောက်ပွဲနဲ့ ခေါင်းဆောင်တင်မြှောက်ခံရတဲ့ ကိုထွန်းအောင်ကျော် အပါအဝင် ရန်ကုန်၊ မန္တလေး ခေါင်းဆောင်သစ်တွေကို အာဏာမလွှဲပေးချင်ဘူး။ သူတို့မှာ လက်နက်ကလည်း ရှိတယ်။ ဒီတော့ ဟိုသေနတ်ဖောက်၊ ဒီသေနတ်ဖောက်၊ အရက်သောက်နဲ့ "ဒီလေ့ကျင့်ရေးကွင်းတွေ ငါတို့ ဖောက်ထားတာ။ ဒီတဲတွေ ငါတို့ ဆောက်ထားတာ။ အခုမှ ဒီကောင်တွေက လာပြီး... " ဘာညာပေါ့။ ဒါမျိုးတွေပေါ့ဗျာ။

အဲဒီတော့ ရန်ကုန်၊ မန္တလေး ခေါင်းဆောင်တွေနဲ့ ကိုထွန်းအောင်ကျော်တို့က စဉ်းစားတယ်။ "သံချောင်း၊ မျိုးဝင်း၊ အောင်ကြီး ပြောတာလည်း ဟုတ်တာပဲ။ ဒီလူတွေကိုလည်း တတ်နိုင်သလောက် နေရာလေး တစ်ခု ပေးသင့်တယ်" ဆိုပြီးတော့ AB မြောက်ပိုင်း ဗဟိုကော်မတီထဲမှာ ဆွဲထည့်တာ။ ဆိုတော့ အတွင်းရေးမှူး (၁) ပေါ့။ ကိုသံချောင်း ဆိုလည်း စစ်ရေးက စစ်ရေးပဲပေါ့။ ကိုမျိုးဝင်းက "သူ့ကို စစ်ရေးတာဝန်ခံ ဒုတိယ သူ့ကို ပေးပါ" ပေါ့။

အဲဒီမှာ ကိုထွန်းအောင်ကျော်တို့က "ငါတို့က နိုင်ငံရေးအရ နေပြီးတော့ စစ်ရေးတာဝန်ကို ညွှန်ကြားမှာပဲ။ ကဲ ရတယ်၊ ယူကြ" ဆိုပြီးတော့ သံချောင်း၊ မျိုးဝင်း တို့က အရွေးခံရတဲ့ ခေါင်းဆောင်တွေ မဟုတ်ပေမယ့် သူတို့ တောင်းတဲ့ ရာထူးတွေကို ပေးလိုက်တယ်။ ကိစ္စမရှိဘူးပေါ့။

အဲဒီလို သံချောင်း၊ မျိုးဝင်းတို့ တောင်းတဲ့ ရာထူးတွေကို ပေးလိုက်တဲ့ဥစ္စာက အခု အေဘီ မြောက်ပိုင်း သတ်ဖြတ်မှုကြီး တခုလုံးရဲ့ အရင်းအမြစ် အစပြုရာ တကယ့်ပြဿနာပဲ။ ဘာလို့လဲ ဆိုတော့ သံချောင်း၊ မျိုးဝင်းတို့က အဲဒီနေရာကို ခြေကုပ်ယူပြီးတော့ အကွက်ကျကျ စီစဉ်ခွင့်ရသွားတယ်။ အချိန်ယူပြီး အယုံသွင်းတယ်ပေါ့ဗျာ။ သံချောင်း၊ မျိုးဝင်းတို့က ကိုထွန်းအောင်ကျော် ကိုလည်း ဆက်ဆံရေး ပြောင်းသွားတယ်။ "ဥက္ကဋ္ဌ၊" "ဥက္ကဋ္ဌ" နဲ့ ကျိုးကျိုးနွံနွံနဲ့ လုပ်ပြတယ်။ အောက်ခြေ ရဲဘော်တွေကိုလည်း အရင်ကလို အာဏာသုံးတာတွေ ဘာတွေ မလုပ်တော့ဘဲနဲ့ပေါ့။ သူတို့က အကြံရှိတာကိုး။

သံချောင်း၊ မျိုးဝင်းတို့က အဲဒီလိုမျိုးနဲ့ အချိန်ယူ အကွက်ချ စီစဉ်ပြီးတော့ ကိုထွန်းအောင်ကျော် အပါအဝင် ရန်ကုန်၊ မန္တလေး ခေါင်းဆောင်တွေကို အငြှိုးအတေး အာဃာတနဲ့ လက်စားချေတာ။ အဲဒီတော့ အာဏာလုပွဲပါပဲ။ တော်တော်လေး ယုတ်ယုတ်မာမာနဲ့ အောက်တန်းကျကျ လုပ်တဲ့ အာဏာလုပွဲပဲ။


ဆိုတော့ နိုင်ငံရေးအမြင် ရှိတဲ့ သူတွေကို ရှင်းထုတ်လိုက်တဲ့ သဘောပေါ့။

ဒါပါပဲ။

အဲဒီအချိန်မှာ ABSDF က ဒေါက်တာနိုင်အောင်တို့ အဲဒီ ကချင်ပြည်နယ်၊ ပါဂျောင် ဘက် ရောက်နေပြီလား။

ဒီပြဿနာတွေ ဖြစ်လာတဲ့အချိန်မှာ သံချောင်း၊ မျိုးဝင်းတို့က ဒေါက်တာနိုင်အောင်တို့ တောင်ပိုင်းနဲ့ ဆက်သွယ်တယ်လို့ ဆိုတယ်။ ဒါတွေက ပြောရရင်တော့ ကျွန်တော် တို့ ပြဿနာတွေ ဖြစ်တဲ့ အချိန်မှာ နေ့စဉ်နဲ့အမျှ ရိုက်နှက်ခံနေရတော့ အဲဒီ ရိုက်နှက်ခံနေရတဲ့ နေရာကနေ အသံနဲ့ပဲ ဖမ်းယူရတာပေါ့။ ကျွန်တော်တို့က မျက်လုံး အဝတ်စည်းပြီး ရိုက်နှက်တာကို ခံနေရတော့ အသံတွေပဲ ကြားရတာပေါ့။ ထဲထဲဝင်ဝင်လား ဆိုတော့ မဟုတ်ဘူး။

ဒါပေမဲ့ ဒီဟာတွေက ထဲထဲဝင်ဝင် ရှိခဲ့တဲ့ အဲဒီအချိန်က ခေါင်းဆောင်တွေထဲ ပါတဲ့ ကိုသိုက်ထွန်းဦးတို့လို ပုဂ္ဂိုလ်မျိုးပေါ့။ ကိုသိုက်ထွန်းဦးက "သူ ပါတယ်။ သူ့မှာ အပြစ်ရှိတယ်" လို့လည်း ပြောတယ်။ ကိုသိုက်ထွန်းဦးက "အဲဒီအထဲမှာ ဝင်ရိုက်တယ်" လို့လည်း ပြောတယ်။

အပြင်မှာ အဖမ်းမခံရဘဲနဲ့ ကျန်နေတဲ့ မျက်မြင်သက်သေ ရဲဘော်တွေ ရှိသေးတယ်။ ဒီရဲဘော်တွေရဲ့ ပြောပြချက်တွေနဲ့လည်း ကျွန်တော်တို့က သိရတယ်။

ကျွန်တော်တို့ ကိုယ်တိုင်လည်း ကိုနိုင်အောင် ရောက်လာတော့ ရှိတယ်လေ။ ကျွန်တော်တို့နဲ့ ဒေါက်တာနိုင်အောင် တွေ့ရတယ်။ တွေ့ရတယ် ဆိုပေမယ့် စကားမပြောရဘူး။ အဲဒီအချိန်မှာ ကျွန်တော်တို့က သုံ့ပန်းလို ဖြစ်သွားပြီ။ ဒေါက်တာနိုင်အောင်က တကယ့်တော်လှန်ရေးခေါင်းဆောင်ကြီးတစ်ယောက် ဖြစ်တယ်ပေါ့။

ဒေါက်တာနိုင်အောင် လာတဲ့အခါမှာ ကျွန်တော်တို့ကို "ဒီကောင်တွေက ဟိုဟာတွေ..." ဆိုပြီး ကြည့်သွားတာ။ ဒါပေမဲ့ ကျွန်တော်တို့ထဲမှာမှ ဒေါက်တာနိုင်အောင် တို့ တောင်ပိုင်းက တက်လာတဲ့ ရဲဘော်တွေကို ဒေါက်တာနိုင်အောင်က တစ်ယောက်ချင်း ခေါ်တွေ့ပြီးတော့ အဖမ်းခံပြီး နှိပ်စက်ခံနေရတဲ့ ရဲဘော်တချို့ကို ဒေါက်တာနိုင်အောင် ကိုယ်တိုင် ရိုက်နှက်သွားတာ ရှိတယ်။ ကိုသိန်းထွန်းဆို အခုအချိန်အထိ နားတွေ မကြားတော့ဘူး။ ကိုနိုင်အောင် ရိုက်သွားတာ။

ဆိုတော့ ကျွန်တော်တို့ကို စဖမ်းတဲ့အချိန်မှာ အေဘီ မြောက်ပိုင်းမှာ ကိုနိုင်အောင် မရှိဘူး။ တောင်ပိုင်းနဲ့ ဆက်သွယ်ပြီး အကြောင်းကြားတဲ့အခါမှာ ဒေါက်တာနိုင်အောင် တို့က လက်ခံတာ။ "ဒါကို သေချာ လုပ်ပေါ့၊ ဒါမျိုး စပိုင် ဆိုတာမျိုးက တော်လှန်ရေး တပ်ဖွဲ့ထဲမှာ ရှိတတ်တယ်ပေါ့" စသဖြင့်ပေါ့ဗျာ။

နောက် ကိုနိုင်အောင် အေဘီ မြောက်ပိုင်းကို ရောက်လာပြီးတော့ ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်ပေါ့။ လွန်ခဲ့တဲ့နှစ် ၂ဝ က ပြည်ထောင်စုနေ့ပေါ့။

အဲဒီနေ့မှာ နည်းနည်း စောပြီး ကျွန်တော်တို့ကို ထမင်းကျွေးလိုက်တယ်။ ကျွန်တော်တို့က အဲဒီအချိန်မှာ တောထဲမှာ ထင်းဖြတ်၊ ကျောက်ထုနေတုန်းပေါ့။

ကျွန်တော်တို့က နံနက်လင်းတာနဲ့ ထင်းဖြတ်၊ ကျောက်ထု ရတာကိုး။ ရဲဘက်ထက် ပင်ပန်းတယ်။ အကန်အကျောက်လည်း ခံရတယ်။ ထင်းခုတ်၊ ဝါးခုတ်၊ လမ်းပြင် အကုန် လုပ်ရပါတယ်။ အဲဒီနေ့မှာ လုပ်နေရင်းနဲ့ မနက်ပိုင်းမှာ အလုပ်သိမ်းလိုက်တယ်။

ကျွန်တော်တို့ကို အလုပ်သိမ်းပြီးတော့ လက်ပြန်ကြိုးတွေ တုပ်၊ မျက်လုံးတွေစည်း။ လူတွေကလည်း အများကြီးရောက်လာတယ်။ "မလှုပ်နဲ့" ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပေါ့ဗျာ။ ကျွန်တော်တို့ မြန်မာစကားမှာ "တုပ်တုပ်မျှ မလှုပ်နဲ့" ဆိုတဲ့ စကားပေါ့။ နားရွက်မခတ်နဲ့ပေါ့ဗျာ။ လှုပ်တဲ့ကောင်က အုန်းခနဲ ဒိုင်းခနဲ ဖြစ်သွားတာ။

ပြီးတော့မှ နာမည်ရှိတဲ့ သူတွေ၊ သူတို့စီစဉ်လာတဲ့ သူတွေခေါ်တယ်။ အဲတော့ အဲဒီလို မလုပ်ခင်မှာ သူတို့ လက်မှတ်ထိုးပြီးပြီလေ။ "ဒီလူတွေကို သေဒဏ်ပေးမယ်" ဆိုပြီး တပ်ဖွဲ့ကို ကြေညာခဲ့ပြီးပြီ။ အဲသလို ကြေညာပြီးတော့မှ သူတို့ တက်လာတာ။

တက်လာပြီးတော့မှ ကိုထွန်းအောင်ကျော် အပါအဝင် ၁၅ ယောက်ကို ခေါ်ထုတ်သွားပြီး ခေါင်းဖြတ်တာ။ ကျွန်တော်တို့တွေက ကျန်ခဲ့တယ်။

ဒါဆို ဒီပြဿနာမှာ ဒေါက်တာနိုင်အောင် က အဓိကကျတဲ့ အခန်းကဏ္ဍက ပါတာပေါ့။

ပါတာပေါ့။ ဒေါက်တာနိုင်အောင် က တောင်ပိုင်း ဥက္ကဋ္ဌ လည်း ဖြစ်တာ။ အေဘီ မြောက်ပိုင်း ကို တက်လာတဲ့အခါမှာလည်း ဒေါက်တာနိုင်အောင် ကို ကိုအောင်နိုင်တို့ ဘာတို့ကလည်း အသိအမှတ်ပြုတဲ့ မဟာမိတ်အနေနဲ့ ပါဝင်တာ။

ဆိုတော့ ဒီ သေဒဏ်ပေး သတ်ဖြတ်တဲ့ ဆုံးဖြတ်ချက်ထဲမှာ ဒေါက်တာနိုင်အောင် ရဲ့သဘောထား ပါဝင်ပါတယ်။ သတ်တဲ့သူတွေက ပြောတာတော့ "Informer (သတင်းပေး)" ဆိုပြီး ပြောတယ်။ သူတို့ပြောတာတော့ "သူလျှို ဖော်ထုတ်တယ်" ပေါ့။

အဲဒီအချိန်မှာ မိုးသီးဇွန်ကရော။

အဲဒီအချိန်မှာ မိုးသီးဇွန်နဲ့ ဒေါက်တာနိုင်အောင် ကွဲနေပြီ။ နောက် ကျွန်တော်တို့ ဒီဘက်ကိုရောက်လာပြီး နောက်ပိုင်း ထောင်က လွတ်လာတယ်။ နောက် ပတ်စပို့ ရလာတော့ အပြင်ထွက်ခွင့်ရတယ်။ နိုင်ငံပြင်ပ လူတွေနဲ့ ဆက်သွယ်ခွင့်ရတဲ့အချိန်မှာ ကြေညာချက်သုံးစောင် ရထားတယ်။

တစ်စောင်က မိုးသီးဇွန်၊ နောက်တစ်စောင် က ဒေါက်တာနိုင်အောင် ဦးဆောင်တဲ့ ABSDF အဖွဲ့ရဲ့ ကြေညာချက်၊ နောက်တစ်စောင်က BLC (ရှေ့နေများ ကောင်စီ) ရဲ့ ကြေညာချက်။ ကိုအောင်ထူးတို့ပေါ့။ ဒီ ကြေညာချက် သုံးစောင် ကျွန်တော့်မှာ ရှိပါတယ်။

ကိုထွန်းအောင်ကျော် အပါအဝင် ကျောင်းသားရဲဘော် ၁၅ ယောက်ကို ၁၂-၂-၁၉၉၂ ရက်နေ့မှာ သံချောင်း၊ မျိုးဝင်း၊ ရော်နယ်အောင်နိုင် တို့က သတ်ပြီးသွားတဲ့ နောက်ပိုင်းမှာ ဒေါက်တာနိုင်အောင်တို့ ဖက်ခြမ်း ABSDF က "အေဘီ မြောက်ပိုင်း သတ်ဖြတ်မှုတွေကို လက်ခံတယ်" ဆိုတဲ့ သဘောထားကို ကြေညာချက်မှာ ထုတ်ပြန်တယ်။ BLC က ဒေါက်တာနိုင်အောင်တို့နဲ့ သဘောထား တူတယ်။

ကိုမိုးသီးဖက်ခြမ်း ABSDF က "လက်မခံဘူး" လို့ ထုတ်တယ်။

ဒါပေမဲ့ ကျွန်တော်တို့ရတဲ့ ကြေညာချက်တွေက သတ်ပြီးမှရတဲ့ ကြေညာချက်တွေ။

ကိုမိုးသီးဇွန် ထုတ်ထားတဲ့ သဘောထားက "အေဘီ မြောက်ပိုင်း သတ်ဖြတ်မှုတွေကို လက်မခံနိုင်ဘူး။"

ကိုနိုင်အောင်တို့ က ထုတ်တဲ့ သဘောထားက "အေဘီ မြောက်ပိုင်း မှာ ထောက်လှမ်းရေးတွေကို ဖော်ထုတ်ခဲ့ပြီး သုတ်သင်ခဲ့တာ ရှိတယ်။ ထောက်လှမ်းရေးတွေဟာ ကျွန်တော်တို့ ABSDF တပ်ဖွဲ့ထဲဝင်ပြီး ခေါင်းဆောင်ပိုင်းနေရာကို ယူမယ်။ ABSDF ကို ဘယ်လို ဖြိုခွင်းမယ့် အစီအစဉ် ရှိတယ်။ အဲဒါကြောင့်မို့ အေဘီ မြောက်ပိုင်း ဗဟိုကော်မတီက ထောက်လှမ်းရေးတွေကို သေဒဏ်ပေးလိုက်ရတာပါ" ပေါ့။

BLC ကလည်း အဲဒီ သဘောပါပဲ။ "အေဘီ မြောက်ပိုင်း သတ်ဖြတ်မှုတွေကို လက်ခံတယ်" ဆိုတဲ့ သဘောထားမျိုးပါပဲ။ "တောတွင်းဥပဒေအရ လုပ်ရပါတယ်" ပေါ့။

(အေဘီမြောက်ပိုင်း ငရဲခန်းများမှာ ကိုယ်တိုင် အနှိပ်စက်ခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်လာသော မျက်မြင်သက်သေ ကိုထိန်လင်း၏ တင်ပြချက် ဖြစ်ပါသည်။)

ဆက်လက်ဖော်ပြပါမည်။

မျိုးညွန့်၊ မိုးမြင့်မြတ်

(Maung Maung Wann)

အသတ်ခံရတဲ့သူတွေဟာ ထောက်လှမ်းရေးဖြစ်နေခဲ့မယ်ဆိုရင်တောင် ဒီလိုရက်ရက်စက်စက်နှိပ်စက်ခံပြီးမသေသင့်ပါဘူး။ သူတို.လိုချင်တာက ထောက်လှမ်းရေးတွေရှင်းလင်းသွားပြီး သူတို.အဖွဲ့အစည်းထဲမှာမရှိတော့ရင်တော်ပြီပေါ့။ သတ်တယ်ဆိုရင်လည်း မြန်မြန်သေမဲ့နည်းဖြစ်တဲ့သေနတ်နဲ့စ်သတ်လိုက်ရင်လုံ လောက်ပြီပဲ။ ဘယ်နဲ.ေုကာင့် လူမဆန်သူမဆန်ရက်ရက်
စက်စက်သတ်ရတာလဲ....။ပြောတော့ကျောင်းသားတဲ့
ကျောင်းသားဆိုတာဖြူစင်တယ်ဆို။ သားသတ်သမားတွေထက်တောင်ရက်စက်ပါလား။ ကျောင်းသားဆိုတာကိုဘယ်လိုယုံကြည်ရမလဲ။ နှိပ်စက်တာလည်းတရက်ထဲမဟုတ်ဘူး။နေ့ပေါင်းများစွာ..သူတို.ဒီလူတွေဆီက ထောက်လှမ်းရေးလို့ဝန်ခံချက်ရပြီးတော့ကော ဘာဖြစ်လာလဲ။ သူတို.လုပ်ငန်းစဉ်တွေအောင်မြင်လာသလား။ သူတို.ကိုယ်သူတို.ဝေဘန်ဆန်းစစ်နိုင်စွမ်းမရှိတော့ဘူးလား။ အခြားဟာတွေတော့မပြောချင်ဘူး. ။လူဖြစ်ပြီး
လူမဆန်အောင်ရက်စက်တဲ့သူတွေ သူတို.တွေကိပြည်သူတွေကယုံကြည်ပြီးပုံအပ်လိုက်မိ ရင်တော့ တွေးပီးတော့တောင်ကြောက်မိတယ်။

JUSTICE!!! Why are these culprits who inhumanely and brutally murdered the innocent students at large??? Aung Naing and Dr. Naing Aung who are among the most responsible are doing well. What about ICC??? There are many living witnesess who can testify enough the brutal tortures and killings, so why delay to bring them to 'JUSTICE'?????

ABSDF မြောက်ပိုင်း ကချင်ပြည်နယ်၊ ပါဂျောင်မှာ မတ၇ား စွပ်စွဲခံခဲ့၇ပြီး မတ၇ား နှိပ်စက်သတ်ဖြတ်ခံခဲ့ရတဲ့ အပြစ်မဲ့ ကျောင်းသားတပ်မတော်၇ဲဘော်တွေအတွက် တ၇ားမျှတမှု၇ှိအောင် အေဘီမြောက်ပိုင်း လူမဆန်စွာညှဉ်းပန်းသတ်ဖြတ်မှုတွေအတွက် တာဝန်၇ှိသူတွေကိုတ၇ားစီ၇င်၇မယ်

အေဘီမြောက်ပိုင်း မှာ အပြစ်မဲ့ကျောင်းသားတွေကို လူမဆန်စွာ ၇က်၇က်စက်စက်သတ်ခဲ့တဲ့ တ၇ားခံတွေက ဘာဖြစ်လို့ လွတ်နေသေးတာလဲ

ABSDF မြောက်ပိုင်းလူသတ်မှုတွေနဲ့ပတ်သက်လို့ တာဝန်အ၇ှိဆုံးလူတွေထဲမှာပါဝင်တဲ့ အောင်နိုင်နဲ့ ဒေါက်တာနိုင်အောင်က ဒီလောက်ကြီးမားလှတဲ့ ၇ာဇဝတ်မှုကြီးတွေ၊ ဒီလောက်၇က်စက်လှတဲ့ လူသတ်မှုကြီးတွေအတွက် တ၇ားဝင်စစ်ဆေးမေးမြန်းတာကိုမခံ၇၇ုံမက ဒီမိုကေ၇စီခေါင်းဆောင်ကြီးတွေအဖြစ် အောင်မြင်ကြီးပွားနေကြတုန်းပဲလေ

မြောက်ပိုင်းလူသတ်မှုတရားခံတွေကို အိုင်စီစီ (အပြည်ပြည်ဆိုင်၇ာ ၇ာဇဝတ်မှုတ၇ား၇ုံး) ကို မြောက်ပိုင်းလူသတ်မှုတွေအတွက် တ၇ားစွဲ၇င် ဘယ်လိုနေမလဲ

၇က်စက် လူမဆန်လွန်းလှတဲ့နှိပ်စက်မှုတွေနဲ့ သတ်ဖြတ်မှုတွေကို သက်သေခံပေးနိုင်တဲ့ မျက်မြင်သက်သေတွေ အများကြီး၇ှိနေတာပဲ

အဲဒီတော့ အောင်နိုင်နဲ့ ဒေါက်တာနိုင်အောင် အပါအဝင် မြောက်ပိုင်းမှာ အပြစ်မဲ့ ကျောင်းသား၇ဲဘော်တွေကို လူမဆန်စွာ ၇က်၇က်စက်စက်သတ်ခဲ့တဲ့ တရားခံတွေကိုတ၇ားစီ၇င်ဖို့ ဘာဖြစ်လို့ နှောင့်နှေးနေကြတော့မှာလဲ

အစ်မကြီး ငယ်နိုင်ခင်ဗျား...

အေဘီ မြောက်ပိုင်း လူသတ်ပွဲ အကြောင်း ဖတ်လိုက်ရတာ စိတ်မကောင်းပါဘူး။ ၁၉၈၈ အရေးတော်ပုံ ကာလမှာ ကျွန်တော်က (၁၆)နှစ်အရွယ် ဆယ်တန်းကျောင်းသား အနေနဲ့ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်ရလောက်အောင်တော့ အစ်မကြီးတို့လို သွေးမရဲခဲ့ပါဘူး။ ပြည်တွင်းမှာ နိုင်ငံရေး လုပ်ရလောက်အောင်လည်း သတ္တိ မကောင်းခဲ့ပါဘူး။ မိဘရိပ်မှာပဲ ပညာကို ကောင်းကောင်းသင်ကြားခွင့်ရခဲ့ပါတယ်။ ဒါကြောင့် အစ်မကြီးတို့လို လူတွေကို လေးစားပါတယ်လို့ ပဏာမ ပြောပါရစေ။



အေဘီမြောက်ပိုင်း လူသတ်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော် အကြံနည်းနည်း ပေးချင်ပါတယ်။

စနစ်တကျ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင် အဖွဲ့ထဲမှာ သူလျှိုလို့ ထင်ပြီး ဖမ်းဆီးစစ်ဆေးတာ၊ သဘာဝကျပါတယ်။ ဒါပေမယ့် နှိပ်စက်ညှင်းပန်းတာကိုတော့ ဘာအကြောင်းပြချက်နဲ့မှ လက်မခံနိုင်ပါဘူး။

လက်နက်ကိုင် တိုက်ပွဲတစ်ခုမှာ ဖမ်းဆီးပြီး လူမဆန်အောင် နှိပ်စက်တာဟာ အပြည်ပြည်ဆိုင်ရာ စစ်ဥပဒေအရာ စစ်ရာဇ၀တ်မှု မြောက်ပါတယ်။ International Humanitarian Law (IHL) ဟာ စစ်ဥပဒေပါ။



ဒါကြောင့် အစ်မကြီး ငယ်နိုင်အနေနဲ့ လုပ်လို့ရတာ တချို့ကို ကျွန်တော်စဉ်းစားမိသလောက် ပြောပါ့မယ်။

ဒီအဖြစ်အပျက်ဟာ လက်နက်ကိုင် စစ်ပွဲတစ်ခု အတွင်းမှာ ဖြစ်တဲ့အတွက် အိုင်စီစီ (အပြည်ပြည်ဆိုင်ရာ စစ်ရာဇ၀တ်ရုံး)ကို တင်နိုင်မယ်လို့ ထင်ပါတယ်။ ဒါကို သေချာစေချင်ရင်တော့ ကိုယ့်ဘက်က အထောက်အထားကို ရသလောက် အခုကတည်းက စုထားသင့်ပါတယ်။ လက်ရှိအေဘီ ခေါင်းဆောင်ပိုင်းရဲ့ ပူးပေါင်းမှုကို ယူသင့်ပါတယ်။

တစ်ဖက်ကလည်း ဥပဒေ နားလည်သူတွေနဲ့ တိုင်ပင်ထားသင့်ပါတယ်။ စစ်ဥပဒေအကြောင်းကို ပိုပြီး နားလည်ချင်ရင်တော့ Australia Red Cross ကို အကူအညီ တောင်းလို့ရပါတယ်။ နီးစပ်ရာ အော်ဇီကြက်ခြေနီ အသင်းကို ဆက်သွယ်ပြီး အခြေအနေကို ပြောပြရင် သူတို့က ရှင်းပြပေးနိုင်ပါတယ်။ ဒါသူတို့ရဲ့ လုပ်ငန်း အစိတ်အပိုင်း တစ်ခုပါ။ နောက်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (International Committee of the Red Cross-ICRC) ကိုလည်း ဆက်သွယ်ပြီး အကူအညီ တောင်းနိုင်ပါတယ်။

ဖမ်းထားသူတွေကို နှိပ်စက်တယ်ဆိုတာ ဘယ်ဥပဒေကမှ ခွင့်မပြုထားပါဘူး။ စစ်ဖြစ်နေချိန်မှာတောင် ရန်သူသုံ့ပန်းကို မနှိပ်စက်ရဘူးလို့ စစ်ဥပဒေ (International Humanitarian Law) က အတိအလင်း ပြောထားပါတယ်။ ဒီဥပဒေကို နိုင်ငံအားလုံးက အတည်ပြု လက်မှတ်ထိုးထားတာပါ။ မြန်မာပြည်ကည်း ဦးအုန်းကျော် လက်ထက်မှာ လက်မှတ်ထိုးထားပါတယ်။

အီရတ်မှာ ရှိတဲ့ အဘူဂါရစ် ထောင်ထဲမှာ စစ်ကြောရေး လုပ်ရင် သုံးတဲ့ နည်းတစ်ခုချင်းစီကို အမေရိကန် ကာကွယ်ရေး ၀န်ကြီးက အတည်ပြုပြီးမှ သုံးရပါတယ်။ ဒါက အမေရိကန်က လူမျိုးခြား မွတ်ဆလင် အကျဉ်းသားတွေကို ဆက်ဆံရင်တောင် တင်းကျပ်ထားတာကို ပြောချင်တာပါ။

အေဘီမြောက်ပိုင်းက ခံယူချက်တူတဲ့ ကျောင်းသားအချင်းချင်း ဒီလောက် လုပ်တာကို ဘယ်လိုမှ အကြောင်းပြလို့ မရပါဘူး။

ကိုယ်လေးစားရတဲ့ နောင်တော်တွေကို ကူညီနိုင်တဲ့ နည်းလမ်းတစ်ခုကို ချပြကြည့်တာပါ။ ကျေးဇူးပါ။

.
အပေါ်က "အကြံပေး" နာမည်နဲ့ ( February 20, 2012 11:07 PM ) မှတ်ချက် ရေးသွားသူက Nge Naing ဘလော့ပိုင်ရှင်
ဘလော့ဂါ မငယ် (မငယ်နိုင်) (ABSDF တောင်ပိုင်း ရဲမေဟောင်း) ကို ABSDF မြောက်ပိုင်းပြန် မငယ် (နန်းအောင်ထွေးကြည်) (ABSDF မြောက်ပိုင်း ရဲမေဟောင်း) နဲ့ လူမှားပြီး အကြံပေးနေတာကိုး။


.
ဘလော့ဂါ မငယ် (မငယ်နိုင်) က ABSDF မြောက်ပိုင်းပြန် မငယ် (နန်းအောင်ထွေးကြည်) မဟုတ်ပါ။


"မငယ်" ဆိုတဲ့ နာမည်နဲ့
လူသိများတဲ့ ABSDF ရဲမေဟောင်း နှစ်ယောက် ရှိပါတယ်။


Nge Naing ဘလော့ရှင် မငယ် နဲ့ ABSDF မြောက်ပိုင်းပြန် မငယ် (မီးငယ်) (နန်းအောင်ထွေးကြည်) ဟာ ချစ်စနိုး ခေါ်တဲ့ နာမည်ချင်း တူတဲ့ နာမည်တူ အေဘီ ရဲမေဟောင်းတွေ ဖြစ်ရုံမက လက်ရှိအနေနဲ့ နှစ်ယောက်လုံးက တိုက်တိုက်ဆိုင်ဆိုင် ဩစတြေလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ နေထိုင်တာ ဆိုတော့ ဘလော့ဂါ မငယ်နိုင် ကို ABSDF မြောက်ပိုင်းပြန် နန်းအောင်ထွေးကြည် လို့ ထင်နေသူတွေလည်း မနည်းလှပါဘူး။


ငယ်နိုင် ဘလော့ရှင် မငယ် က ABSDF တောင်ပိုင်းရဲမေဟောင်း မငယ်နိုင် (မငယ်) ဖြစ်ပါတယ်။

မငယ်နိုင် (မငယ်) က ABSDF မြောက်ပိုင်းမှာ နှိပ်စက်ခံခဲ့ရတဲ့ နန်းအောင်ထွေးကြည် (မငယ်) မဟုတ်ပါ။

နန်းအောင်ထွေးကြည် (မငယ်) က ABSDF မြောက်ပိုင်းမှာ လူသတ်သမား ရော်နယ်အောင်နိုင်၊ သံချောင်း၊ မျိုးဝင်း၊ လဆိုင်း တို့ ဦးဆောင်ပြီး ကျင်းပခဲ့တဲ့ ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) လူသတ်ပွဲကြီးမှာ ခေါင်းဖြတ်ပြီး သတ်မလို့ ဆွဲထူတာကို ခံရပြီးမှ နောက်ဆုံး မိနစ်မှာမှ ခေါင်းဖြတ် အသတ် မခံရဘဲ သေဘေးက သီသီကလေး လွတ်လာခဲ့တဲ့ ABSDF မြောက်ပိုင်း ရဲမေဟောင်း ဖြစ်ပါတယ်။

ဘလော့ဂါ မငယ်နိုင် (မငယ်) က ABSDF တောင်ပိုင်းရဲမေဟောင်း ဖြစ်တဲ့အတွက် ABSDF မြောက်ပိုင်း လူမဆန်စွာ ညှဉ်းပန်း သတ်ဖြတ်မှုတွေကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ မဟုတ်ပါ။


ဘလော့ဂါ မငယ်နိုင်ကို ခင်မင်သူတွေက "မငယ်" လို့ အဖျားဆွတ်ပြီး ခေါ်တာပါ။

ABSDF မြောက်ပိုင်းပြန် နန်းအောင်ထွေးကြည်က မိသားစုထဲမှာ သမီး အငယ်ဆုံး မို့လို့ မိဘတွေက "မီးငယ်" (သမီးငယ်) လို့ ခေါ်တာကို သိတဲ့ ရင်းနှီးတဲ့ ရွယ်တူ သူငယ်ချင်းတွေက "မီးငယ်" (သမီးငယ်) လို့ ခေါ်ရမှာ အဆင်မပြေလို့ "မီးငယ်" အစား "မငယ်" လို့ ခေါ်တာပါ။

.
(ခေါင်းစဉ်ကို နှိပ်လိုက်ရင် Nang Aung Htwe Kyi @ facebook ကို ရောက်သွားမှာ ဖြစ်ပါတယ်။)


နန်းအောင်ထွေးကြည် (မငယ်) က ABSDF မြောက်ပိုင်းမှာ လူသတ်သမား ရော်နယ်အောင်နိုင်၊ သံချောင်း၊ မျိုးဝင်း၊ လဆိုင်း တို့ ဦးဆောင်ပြီး ကျင်းပခဲ့တဲ့ ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) လူသတ်ပွဲကြီးမှာ ခေါင်းဖြတ်ပြီး သတ်မလို့ ဆွဲထူတာကို ခံရပြီးမှ နောက်ဆုံး မိနစ်မှာမှ ခေါင်းဖြတ် အသတ် မခံရဘဲ သေဘေးက သီသီကလေး လွတ်လာခဲ့တဲ့ ABSDF မြောက်ပိုင်း ရဲမေဟောင်း ဖြစ်ပါတယ်။


ABSDF မြောက်ပိုင်းပြန် နန်းအောင်ထွေးကြည် (မငယ်) (မီးငယ်) ကို မေးမြန်းချင်တယ်၊ ဆွေးနွေးချင်တယ်၊ အကြံပေးချင်တယ် ဆိုရင် Nang Aung Htwe Kyi @ facebook မှာ ဆက်သွယ် အကြံပေးနိုင်ပါတယ်။

နန်းအောင်ထွေးကြည် (မငယ်) ရဲ့ ဖေ့စ်ဘွတ်ခ် လိပ်စာက -
http://facebook.com/nang.kyi

.
(ခေါင်းစဉ်ကို နှိပ်လိုက်ရင် Nge Naing @ facebook ကို ရောက်သွားမှာ ဖြစ်ပါတယ်။)


Nge Naing ဘလော့ရှင် မငယ် က ABSDF တောင်ပိုင်းရဲမေဟောင်း မငယ်နိုင် (မငယ်) ဖြစ်ပါတယ်။ သမိုင်းမှန်တွေကို ဖော်ထုတ်ပြီး စစ်အုပ်စုကို ပြတ်ပြတ်သားသား ဆန့်ကျင်လာတဲ့ ပြည်သူ့ဘလော့ဂါ ဖြစ်ပါတယ်။

ABSDF တောင်ပိုင်းရဲမေဟောင်း မငယ်နိုင် (မငယ်) ကို မေးမြန်းချင်တယ်၊ ဆွေးနွေးချင်တယ်၊ အကြံပေးချင်တယ် ဆိုရင် Ngenaing @ facebook မှာ ဆက်သွယ် အကြံပေးနိုင်ပါတယ်။


မငယ်နိုင် (မငယ်) ရဲ့ ဖေ့စ်ဘွတ်ခ် လိပ်စာက -
http://facebook.com/nge.naing


မငယ်နိုင် (မငယ်) ရဲ့ အီးမေးလ် လိပ်စာက -
ngenaing2008@gmail.com



ABSDF မြောက်ပိုင်းပြန် နန်းအောင်ထွေးကြည် (မငယ်)

ABSDF တောင်ပိုင်းရဲမေဟောင်း ပြည်သူ့ဘလော့ဂါ မငယ်နိုင် (မငယ်)

မငယ် နှစ်ယောက်လုံးက လေးစားထိုက်တဲ့ အေဘီ ရဲမေဟောင်းတွေပါ။

.
ABSDF မြောက်ပိုင်း ၁၉၉၂၊ ပြည်ထောင်စုနေ့ လူသတ်ပွဲတွင် ခေါင်းဖြတ် အသတ်ခံရခါနီးဆဲဆဲတွင်မှ သေဘေးမှ လွတ်မြောက်ခဲ့သည့် ABSDF မြောက်ပိုင်းရဲမေဟောင်း မနန်းအောင်ထွေးကြည် မြန်မာပြည် ပြန်ခွင့်ရပြီ

Popular Myanmar News Journal
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်


မြောက်ပိုင်း ကျောင်းသားတပ်မတော် (ABSDF မြောက်ပိုင်း) ရဲမေ တစ်ဦး ဖြစ်ပြီး ခေါင်းဖြတ် အသတ်ခံရခါနီးဆဲဆဲတွင်မှ သံချောင်း၊ မျိုးဝင်း၊ ရော်နယ်အောင်နိုင်၊ လဗျလဆိုင်း တို့က ကျောင်းသားချင်း သတ်ဖြတ်မှုဘေးမှ လွတ်မြောက်ခဲ့သူ နန်းအောင်ထွေးကြည် မြန်မာနိုင်ငံသို့ ပြန်ခွင့်ကို ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

နန်းအောင်ထွေးကြည်သည် ABSDF မြောက်ပိုင်းတွင် လူမဆန်စွာ နှိပ်စက်ခံခဲ့ရပြီး ABSDF မြောက်ပိုင်း ၁၉၉၂၊ ပြည်ထောင်စုနေ့ လူသတ်ပွဲတွင် ခေါင်းဖြတ်ပြီး သေဒဏ်ပေးမည့် စာရင်းထဲတွင် ပါဝင်ခဲ့ကာ ခေါင်းဖြတ် အသတ်ခံရခါနီးဆဲဆဲ စက္ကန့်ပိုင်းတွင်မှ အသတ်ခံရမည့်ဘေးမှ လွတ်မြောက်ခဲ့သူ ဖြစ်သည်။


မြန်မာပြန်ခွင့် ရရှိခြင်းနှင့် ပတ်သက်၍ နန်းအောင်ထွေးကြည်က ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အောက်ပါအတိုင်း ရေးသား ဖော်ပြထားသည်။

“ကျမ အိမ်ပြန်ခွင့်ရပြီ လို့ Australia သံရုံး မှအကြောင်းကြားစာ Email ပို့လာပါတယ်။
ABSDF ဗဟို (ABSDF တောင်ပိုင်း) ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော်ကို ကျေးဇူးတင်ပါတယ်။
ရွှေတိဂုံဘုရား ဖူးခွင့် ပြန်ရပါတော့မယ်။
အမေနဲ့ ပြန်တွေ့ရတော့မယ်။
မြောက်ပိုင်းပြန် မောင်နှမတွေနဲ့ ပြန်ဆုံရတော့မယ်။
ကျမ ရင်ထဲက အပျော်တွေကို မျှဝေပါတယ်။

နန်းအောင်ထွေးကြည်
၁၁.၃.၂၀၁၂ ”

ဟု နန်းအောင်ထွေးကြည် ဖေ့စ်ဘွတ်ခ် ( Nang Aung Htwe Kyi @ facebook )
http://www.facebook.com/nang.kyi
တွင် ရေးသား ဖော်ပြထားသည်။


ABSDF မြောက်ပိုင်းတွင် ခေါင်းဖြတ် အသတ်ခံရခါနီးဆဲဆဲ စက္ကန့်ပိုင်းတွင်မှ အသတ်ခံရမည့်ဘေးမှ လွတ်မြောက်ခဲ့သည့် နန်းအောင်ထွေးကြည်သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ အားလပ်ရက်တွင် ပြန်လာမည်ဟု လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြထားသည့် မှတ်ချက်များအရ သိရသည်။

ABSDF မြောက်ပိုင်း ရဲမေဟောင်း နန်းအောင်ထွေးကြည်သည် လက်ရှိတွင် သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

NLA

(ကိုးကား - နန်းအောင်ထွေးကြည် ဖေ့စ်ဘွတ်ခ်
http://www.facebook.com/nang.kyi )


(Popular Myanmar News Journal)

.
December 11, 2012


အမေရယ်.. နှစ်ပေါင်း ၂ဝ ခွဲခွာခဲ့ကြရတဲ့ မြောက်ပိုင်းပြန်မောင်နှမတွေရယ်.. နဲ့ ပြန် ဆုံတွေ့ဖို့ ၅ ရက်သာ လိုပါတော့တယ် ။
ကျမအပေါ် စာနာမှု့ များနဲ့ အခြေအနေအရပ်ရပ်ကို တွေးတောဆင်ခြင် သုံးသပ်ပေးပြီး ပံ့ပိုး ကူညီပေးခဲ့သူများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ် ။

နန်းအောင်ထွေးကြည် ။
၁၁ . ဒီဇင်ဘာ . ၂၀၁၂

နန်းအောင်ထွေးကြည် @ facebook

http://www.facebook.com/nang.kyi?fref=ts

.
(ခေါင်းစဉ်ကို နှိပ်ပြီး ပြည်တော်ဝင် မနန်းအောင်ထွေးကြည် နဲ့ ကြိုဆိုသူတွေရဲ့ ဓာတ်ပုံတွေကို ကြည့်နိုင်ပါတယ်။)


December 16, 2012

ကချင်ပြည်နယ်၊ ပါဂျောင်ဒေသ၊ မြောက်ပိုင်း ကျောင်းသားတပ်မတော်မှာ ထောက်လှမ်းရေးဟု မဟုတ်မမှန် စွပ်စွဲခံရကာ ABSDF (NB)၊ လိုင်စင်စခန်း အကျဉ်းထောင်အတွင်းမှာ လူမဆန်စွာ နှိပ်စက်ခံနေရစဉ် ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) မှာ ခေါင်းဖြတ်သတ်ပွဲ ကျင်းပမည့် အာဆံကုန်း (လူသတ်ကုန်း) သို့ ခေါ်သွားရန် ဆွဲထူခြင်းကို ခံခဲ့ရပြီးမှ သေဘေးမှ လွတ်မြောက်ခဲ့သည့် အေဘီ မြောက်ပိုင်း ရဲမေဟောင်း မနန်းအောင်ထွေးကြည် သည် ၄င်း နေထိုင်ရာ ဩစတြေလျနိုင်ငံ၊ ဆစ်ဒနီမြို့မှ ယနေ့ (၁၆-၁၂-၁၂ ရက်နေ့) တွင် မြန်မာနိုင်ငံ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိလာရာ မိသားစုဝင်များ၊ မြောက်ပိုင်းပြန် ကျောင်းသားရဲဘော်ဟောင်းများ၊ ဆွေမျိုးမိတ်သင်္ဂဟများက ရန်ကုန်လေဆိပ်တွင် ဝမ်းပန်းတသာ လာရောက် ကြိုဆိုခဲ့ကြသည်။ ကြိုဆိုသူများထဲတွင် မြစ်မခ အယ်ဒီတာချုပ် မမေသင်္ကြန်ဟိန် ကိုလည်း တွေ့ရသည်။

ထို့နောက် မနန်းအောင်ထွေးကြည် နှင့် လာရောက် ကြိုဆိုသူများသည် ရန်ကုန်မြို့ရှိ မနန်းအောင်ထွေးကြည် မိဘများ၏ နေအိမ်သို့ သွားရောက်ခဲ့ကြသည်။

(Credit - မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်း ကိုသိန်းထွန်း
ဘလော့ဂါ ကိုလင်္ကာ)

.
၂၀၁၂၊ ဒီဇင်ဘာ ၁၇ ရက်
ရန်ကုန်

ထူးအိမ်သင် ရဲ့ အမေ့အိမ် သီချင်းကို ကျမတို့ ABSDF - NB မှာတုန်းက ခံစားခဲ့ကြဘူးတယ် ။
ခု အမေ့အိမ်ကို ပြန်လည်ရောက်ရှိနေပြီ ..
ကျမ ပြည်တွင်းမှာရှိနေစဉ် ကျမထံ ဆက်သွယ်လိုသူများ ယာယီနံပတ် ၀၉၅၀၆၄၃၇၀ ကို ဆက်သွယ်နိုင်ပါတယ် ။
ကျေးဇူးအများကြီးတင်ပါတယ် ။

နန်းအောင်ထွေးကြည် ။
၁၇ . ၁၂ . ၂၀၁၂

Nang Aung Htwe Kyi - ည ၈ နာရီ နောက်ပိုင်းတော့ မခေါ်ကြပါနဲ့နော် ။

Nang Aung Htwe Kyi @ facebook
http://www.facebook.com/nang.kyi?fref=ts

.
၂၀၁၂၊ ဒီဇင်ဘာ ၁၆ ရက်နေ့ အပျော်တွေ ကူးစက်ကုန်တဲ့နေ့

မေသင်္ကြန်ဟိန်
၁၈-၁၂-၁၂


ဩစတြေလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ နေထိုင်တဲ့ ABSDF မြောက်ပိုင်း ရဲမေဟောင်း မနန်းအောင်ထွေးကြည် မြန်မာပြည်ကို ပြန်လာတဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့တုန်းက ရန်ကုန်လေဆိပ်မှာ သွားကြိုမိတယ်။ အဲဒီနေ့က တနင်္ဂနွေနေ့ ဖြစ်တဲ့အတွက် ကျမရဲ့ မိသားစုနေ့ပါ၊ မိသားစုကိုပါ စည်းရုံးပြီး သွားကြိုခဲ့ကြတယ်။

မနန်းအောင်ထွေးကြည်က စင်ကာပူကတဆင့် လာတာမို့ စင်ကာပူလေယာဉ် ဆိုက်ပြီးပြီ ဆိုကတည်းက စက်လှေခါးဆီကို မျက်တောင်မခတ် စိုက်ကြည့်နေတိုင်း နိုင်ငံခြားသားတွေ တယောက်ပြီး တယောက် ပေါ်လာတယ်။ အဲဒီထဲမှာ ကျောပိုးအိတ် လွယ်ထားတဲ့ အမျိုးသမီးက အခြားသူတွေလို စက်လှေခါးကနေ မဆင်းပဲ ရိုးရိုးလှေခါးကနေ ခပ်သွက်သွက် ဆင်းလာခဲ့တယ်။ ဆံပင်တိုတိုနဲ့ ယောင်္ကျားလေးဆန်ဆန် ဆင်းလာတဲ့ အမျိုးသမီးကို သေချာအောင် ပြန်ကြည့်လိုက်တယ်၊ အဲဒါ အစ်မပဲ။

အဲဒါ နန်းအောင်ထွေးကြည် ပါပဲ။ ဟန်ဆောင်ခြင်း၊ ဟန်လုပ်ခြင်း လုံးဝ မရှိသော ပကတိ အဖြူရောင်ဆန်တဲ့ မိန်းမ တယောက်လို့ မှတ်ချက်ပေးလိုက်မိတယ်။

အစ်မ နန်းအောင်ထွေးကြည် ကလည်း မှန်တွေ ကာနေတဲ့ကြားက သူ့ကို စောင့်ကြိုနေကြတဲ့ သူတွေကို တွေ့တော့... ပြေးလာလိုက်တာ ကာထားတဲ့ မှန်တွေတောင် ပေါက်ထွက်သွားမလား အောက်မေ့ရတယ်။ ပြီးတော့ ဧည့်သည် ကြိုကြတဲ့ နေရာလေးမှာ ၀ိုင်းပြီး စောင့်နေကြတုန်း သိပ်တောင် မစောင့်လိုက်ရဘူး၊ အစ်မက အနားရောက်လာနေပြီ။ အစ်မက ပါးစပ် လုံးဝ မပိတ်တော့ဘူး၊ ပျော်ပြီး ရယ်နေတယ်။ သူ့ဘေးနားက လူတွေလည်း ပျော်နေကြတယ်။ အင်း... ကျမလည်း ပျော်တာပဲလေ။

အစ်မ နန်းအောင်ထွေးကြည် အမြဲတမ်း အေးချမ်းစွာနဲ့ ပျော်ရွှင်ပါစေ။

May Thingyan Hein @ facebook

.
လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ABSDF-NB (မြန်မာပြည်မြောက်ပိုင်း ကျောင်းသားတပ်မတော်) တွင် ၁၉၉၁-၉၂ ခုနှစ်က ဖြစ်ပွားခဲ့သော အာဏာရူး လူရမ်းကားတစု၏ ညှဉ်းပန်း သတ်ဖြတ်မှုများမှ အသက်မသေဘဲ လွတ်မြောက်ခဲ့ကြသော မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများ နှင့် မီဒီယာတို့ တွေ့ဆုံပွဲသို့ တက်ရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
"စိတ်ပါဝင်စားသူ မည်သူမဆို" တက်ရောက်နိုင်ပါသည်။

နေ့ရက် - ၅ - ၁ - ၂၀၁၃ ( စနေနေ့)
အချိန် - နေ့လည် ၂ နာရီ
နေရာ - တော်ဝင်နှင်းဆီ စားသောက်ဆိုင် (သီရိခန်းမ)၊ ရန်ကုန်

နန်းအောင်ထွေးကြည်