မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

တခါက ကျွန်မရဲ့ ဇာတ်လိုက်



ဒီနေ့ ဖခင်များနေ့ဆိုတော့ ဖခင်များနေ့ အမှတ်တရ ပို့စ်တခု တင်ချင်ပေမဲ့ အဖေလို့ တွေးလိုက်တာနဲ့ ကျွန်မတို့ကို သတ်ဖို့ဆိုပြီး ဓါးမြှောင်တချောင်းနဲ့ လိုက်လို့ ပြေးရတဲ့ အိပ်မက်ဆိုးတွေပဲ မကြာခဏ မက်တတ်တဲ့ ကျွန်မက အဖေနေ့ အမှတ်တရ မရေးတာပဲကောင်းပါတယ်လို့ စဉ်းစားပြီး မရေးပဲ နေခဲ့ပါတယ်။ သို့သော်လည်း အမေနေ့တုန်းက အမေအကြောင်း ရေးပြီး အခုအဖေနေ့မှာ အဖေ့အကြောင်း မရေးရင် ကျွန်မ မျက်နှာလိုက်ရာ၊ မတရားရာ ကျနေမှာစိုးတယ်။ ပြီးတော့ အမေနေ့တုန်းက လူအတော်များများ အမေတွေအကြောင်း ရေးကြဖွဲ့ကြတာ တွေ့ပေမဲ့ အခု အဖေနေ့မှာကျတော့ ရေးတာ သိပ်မတွေ့တော့ အဖေတွေက အမေတွေထက် သားသမီးတွေရဲ့ အသိအမှတ်ပြု ခံရမှု အားနည်းနေတာ တွေ့လို့ အားငယ်သူကို အားပေးတဲ့အနေနဲ့ အဖေနေ့အမှတ်တရပို့စ်ကို ကျွန်မ ကောက်ကာငင်ကာ ရေးလိုက်ရခြင်း ဖြစ်ပါတယ်။ တကယ်တော့ ကျွန်မဘ၀မှာ အဖေဟာ အိပ်မက်ဆိုးတွေကို ပေးခဲ့သလို တခါကတော့ ကျွန်မအဖေဟာ ကျွန်မရဲ့ ဇာတ်လိုက်ကောင်း တယောက်ဖြစ်ခဲ့ပါတယ်။


ကျွန်မတို့ ငယ်ငယ်က အဖေက လကုန်တိုင်း မြို့မှာ သူ့ရဲ့ပင်စင်လစာ သွားထုတ်တတ်ပြီး ညနေအေးလောက်မှ အိမ်ပြန်ရောက်လေ့ ရှိပါတယ်။ ကျွန်မတို့ အိမ်ရှေ့မှာက နွားစားကျက်အတွက် မြက်ခင်းစိမ်းစိမ်း ကွင်းပြင်ရှိပြီး အိမ်ကနေကြည့်လိုက်ရင် ကွင်းအလယ်မှာ ကန့်လန့်ဖြန့် ရေမြောင်းတခု ရှိပါတယ်။ ရေမြောင်းဆိုပေမဲ့လည်း မိုးတွင်းမှပဲ ရေရှိတတ်ပါတယ်။ ကွင်းအဆုံးမှာတော့ ဘကြီးရဲ့ ရော်ဘာခြံ ရှိပါတယ်။ အပြင်ကနေ အိမ်ပြန်လာရင် ရော်ဘာခြံကို ဖြတ်ပြီးမှ ကျွန်မတို့ အိမ်ကို ရောက်ပါတယ်။ လခထုတ်တဲ့နေ့တွေမှာ ညနေပိုင်း ရောက်တာနဲ့ အဖေ ဘယ်တော့ ပေါ်ထွက်လာမလဲဆိုတာ ရော်ဘာခြံရှိရာ တောစပ်ကို ကြည့်ပြီး ကျွန်မတို့ ညီအစ်မ မျှော်နေတတ်ပါတယ်။ အဖေက အင်္ကျီအဖြူပဲ အမြဲဝတ်တတ်တော့ ရော်ဘာခြံထဲကနေ မြက်ခင်းထဲကို အင်္ကျီအဖြူနဲ့ အဖေ ပေါ်ထွက်လာတာကို တွေ့လိုက်တာနဲ့ တပြိုင်နက် ကျွန်မတို့ ညီအစ်မ "ဖေဖေလာပြီလေလေ ဖေဖေလာပြီလေလေ" လို့ ပါးစပ်ကအော်ရင်း အိမ်ပေါ်က ပြေးဆင်းပြီး ဆီးကြိုရင်အဖေနဲ့ ကွင်းလယ်မှာ ဆုံတယ်။ အဖေက ကျွန်မတို့နှစ်ယောက်ကို ဘယ်တယောက် ညာတယောက် ပွေ့ချီပြီး တရွှတ်ရွှတ်နဲ့ ဖက်နမ်းကာ ငါ့သမီးတွေအတွက် မုန့်တွေပါတယ်ဟေ့ လို့ပြောကာ အိမ်ပေါ်အထိ ချီလာပြီး အိမ်ပေါ်ရောက်မှ ၀ယ်လာတဲ့ မုန့်တွေကို ထုတ်ကျွေးပါတယ်။ အမေ၀ယ်ကျွေးခဲလှတဲ့ ဈေးကြီးတဲ့ တရုတ်စက်လုပ်မုန့်တွေကို အဖေလစာထုတ်တိုင်း ၀ယ်ကျွေးခဲ့လို့ ငယ်ငယ်က ပျော်ပျော်ပါးပါး စားခဲ့တာကို အမြဲအမှတ်ရနေပါတယ်။ (ကျွန်မညီမ စာလာဖတ်ပြီးနောက်ပိုင်း သတိရလာလို့ ထပ်ဖြည့်ထားတဲ့ အပိုဒ်ဖြစ်ပါတယ်။ ၇-၀၉-၁၀)
ကျွန်မ ငယ်ငယ်က အိမ်နဲ့ဝေးတဲ့ တခြားရွာမှာ အဖေ့မိဘတွေဘက်က အမွေရခဲ့တဲ့ ဒူးရင်း၊ မင်းဂွတ်၊ သရက်ပင်တွေ ရှိတဲ့ ခြံမှာ ရာသီသီးနှံပေါ်ချိန်တိုင်း အဖေနဲ့အတူခြံထဲ တဲထိုးပြီး ဒူးရင်းသီး သွားစောင့်ရပါတယ်။ ကျောင်းပိတ်တဲ့ ရာသီတွေမှာလည်း အိမ်နဲ့ ဝေးလံပြီး ကုန်းတွင်းကျတဲ့ နေရာတွေမှာ အဖေနှမ်းသွားစိုက်ရင် ကျွန်မပဲ အမြဲဈေးဝယ်ပြီး သွားပို့ရပြီး တခါတလေ အဖေနဲ့အတူ တောင်ယာတဲမှာပဲ နေခဲ့တယ်။ ဒါကြောင့်မို့ အဲဒီအချိန်က အဖေနဲ့ ကျွန်မက တခြားသားသမီးတွေထက် ပိုရင်းနှီးပြီး အိမ်မှာ မျက်နှာနှိမ့်တဲ့ ကျွန်မကို နွေးထွေးမှု အပေးနိုင်ဆုံးဟာ အဖေပဲ ဖြစ်ခဲ့ပါတယ်။ အိမ်က သားသမီးတွေထဲမှာလည်း ကျွန်မက ပညာအထူးချွန်ဆုံး ဖြစ်တော့ အဖေက ကျွန်မကို သိပ်ပြီး အားပေးတယ်။ ပညာတော်လို့ အမေ့ဆီက အသိအမှတ်ပြုမှု သိပ်မရခဲ့ပေမဲ့လည်း အဖေ့ဆီကတော့ ချီးကျူးထောပနာ ပြုမှုတွေကို ကျွန်မ အပြည့်အ၀ ရရှိခဲ့ပါတယ်။ "အဖေတို့က ဘုန်းကြီးကျောင်းစာပဲ သင်ပြီး ကြီးလာရာကနေ စစ်တပ်ထဲရောက်လို့သာ အင်္ဂလိပ်စာတွေ သင်ခဲ့ရပြီး စာပေတွေ ကောင်းကောင်းတတ်ကာ သမီးတို့ကို အခုလို စာတွေပြန်ပြပေးနိုင်တယ်၊ အဖေတို့တုန်းက သမီးတို့ခေတ်လို ကျောင်းတက်ဖို့ လွယ်တာမဟုတ်ဘူး။ ပညာရေးအတွက်ဆိုရင် ကျွန်ဖြစ်သွားပါစေ သမီးတို့ ပညာထူးချွန်ရင် ထူးချွန်သလောက် ပံ့ပိုးပေးမယ် စာသာကြိုးစားပါ" ဆိုတဲ့ အဖေ့ အားပေးစကားက ကျွန်မအတွက် ခွန်အား ဖြစ်စေခဲ့ပါတယ်။


မိန်းကလေးဆိုရင် သေစာရှင်စာ တတ်ရင်တော်ပြီလို့ သဘောထားပြီး ကျောင်းထွက်ခိုင်းဖို့ အမြဲစဉ်းစားနေတတ်တဲ့ အမေနဲ့ စာရင်တော့ ကျွန်မ အဖေကတော့ ကျွန်မအတွက် တကယ့်ကို သူရဲကောင်းပါပဲ။ "သမီး ကျောင်းကြီးကို ရောက်ရင် သမီးတို့ဆီကို မသမာလူတွေဆီက စာတွေ ရောက်လာနိုင်တယ် အဲဒီအချိန်ကျရင် မဖုံးကွယ်ထားဘဲ အဖေ့ကို လာပြရမယ် ကြားလား" လို့ ပြောတော့ ကျွန်မက ရည်းစားစာ လာပေးရင် လာပြရမယ် ပြောတယ်ထင်လို့ "အဲဒီအတွက်တော့ စိတ်ချအဖေ သမီးက ပညာမပြည့်စုံဘဲ ယောက်ျားလေးတွေကို လုံးဝစိတ်ဝင်စားမှာ မဟုတ်ဘူး" လို့ ပြောဖို့ လုပ်နေတုန်းပဲ ရှိသေးတယ် "အဖေဆိုလိုတာ ရည်းစားစာကို ပြောတာ မဟုတ်ဘူးနော့် သောင်းကျန်းသူတွေဆီက သွေးထိုးပက်ကော်စာတွေကို ပြောတာ" လို့ ပြောတော့ အဖေပြောတာ ကျွန်မ နားမလည်ခဲ့ဘူး။ အဖေဆိုလိုတဲ့ ကျောင်းကြီးဆိုတာ မြို့မှာရှိတဲ့ အထက်တန်းကျောင်းတွေ ကောလိပ် တက္ကသိုလ်တွေကို ကျွန်မတို့ ဒေသက အခေါ်ဖြစ်တယ်။

ကျွန်မအဖေက တကယ်ကို တော်တဲ့လူတေယောက်ပါ။ ရွာက အဖေထက် အတန်းပညာပိုတတ်တဲ့ တခြားစစ်မှုထမ်းဟောင်းတွေ တယောက်မှ အင်္ဂလိပ်စာတွေ သင်္ချာတွေကို အဖေလောက် နားမလည်ဘူး။ ကျွန်မတို့ငယ်ငယ်က တခြားကျောင်းသားတွေ ကျူရှင်ယူရလေ့ရှိတဲ့ သင်္ချာနဲ့ အင်္ဂလိပ်ဘာသာတွေကို ကျွန်မတို့ငယ်ငယ်က တခါမှ ကျူရှင် မယူဖူးဘူး။ အဖေပဲ ကျွန်မတို့ အိမ်စာတွေကို ၀ိုင်းကူပြပေးပါတယ်။ အဖေက ငယ်ငယ်က အတန်းကျောင်း မနေဖူးဘဲ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးသင်ပေးလို့ စာတတ်ခဲ့ပေမဲ့ လူပျိုဖြစ်တော့ စစ်တပ်ထဲရောက်သွားပြီး စစ်တပ်ထဲမှာ အင်္ဂလိပ်စာတွေ သင်ရပြီး လေ့လာရေးလည်း အားကောင်းတော့ အတန်းကျောင်းစာတွေလည်း သင်ခွင့်ရခဲ့တယ်လို့ သိရတယ်။ အဖေက ဟိုတုန်းကတောင် မြန်မာ့အလင်း အင်္ဂလိပ်သတင်းစာကို ကောင်းကောင်း ဖတ်နိုင်တယ်။ သူငယ်ငယ်က ပညာကောင်းကောင်း မသင်ခဲ့ရတဲ့အတွက် သားသမီးတွေကို ပညာတတ်ဖြစ်စေချင်တဲ့ ဆန္ဒလည်း အပြည့်အ၀ ရှိပါတယ်။ စစ်တပ်ထဲက ပါလာတဲ့ Alibaba ပုံပြင်အပါအ၀င် တခြားအင်္ဂလိပ် ပုံပြင်စာအုပ်တွေနဲ့ နပိုလီယံက မော်စကိုကို တိုက်ခဲ့တဲ့ ဆောင်းတွင်း တိုက်ပွဲမှာ နပိုလီယံ ရှုံးတဲ့စစ်ပွဲအကြောင်းကို အဖေ ဖတ်ပြပြီး ဘာသာပြန်ပြခဲ့လို့ ကျွန်မတို့ စိတ်ဝင်တစား နားထောင်ခဲ့ သိခဲ့ရတယ်။

အဖေက သူကိုယ်တိုင် လုပ်ထားတဲ့ ပက်လက်ကုလားထိုင်မှာ ထိုင်ပြီး ကျွန်မနဲ့ ကျွန်မအောက် ညီမကို ဘယ်ဘက်တယောက် ညာဘက်တယောက် ထားပြီး ဒီပုံပြင် စာအုပ်တွေကို မကြာခဏ ဖတ်ပြတာကို ကျွန်မတို့ ညီနှမနှစ်ယောက် စိတ်ဝင်တစား နားထောင်ခဲ့တယ်။ ကျွန်မတို့ ရွာမှာ အဖေ့လို အင်္ဂလိပ်စာ ဖတ်တတ်တာ လက်ချိုးရေလို့ရပြီး တခြားမိဘတွေက သူတို့သားသမီးကို ဒီလိုတခါမှ မဖတ်ပြတော့ ကျွန်မတို့ အဖေက ကျွန်မတို့အတွက် တကယ်ကို ဂုဏ်ယူစရာ ဖြစ်ခဲ့တယ်။ ကျွန်မတို့ ငယ်ငယ်က အင်္ဂလိပ်စာကို လေးတန်းမှာ စသင်ရပြီး ကျွန်မက အဖေသင်ထားပေးလို့ ကျောင်းမှာ ABCD စသင်တဲ့အချိန်ဆို ကျွန်မက သူများထက် ပိုသိနေပြီ။ ပြီးတော့ အဖေက စစ်တပ်ထဲက အတွေ့အကြုံတွေတွေ ဖြစ်တဲ့ ကောက်ရိုးခြေတောက် မြက်ခြေတောက်၊ ကျည်ဆံတတောင့် ရန်သူတယောက် ဆိုတာ အပေါအ၀င် သင်တန်းအတွေ့အကြုံ ရှေ့တန်းတိုက်ပွဲ အတွေ့အကြုံတွေကိုလည်း ပြောပြတတ်တော့ ဟာသ၊ စွန့်စားခန်း၊ သဲထိတ်ရင်ဖို စတဲ့ ရသမျိုးစုံပါတဲ့ အဖေရဲ့ ဘ၀အတွေ့အကြုံတွေကို ကျွန်မ ရင်သပ်ရှုမော နားထောင်ခဲ့ဖူးပါတယ်။ တိုင်းပြည်ကို ချစ်ပြီး ကြီးလာရင် တိုင်းပြည်အကျိုးကို သယ်ပိုးဖို့ကိုလည်း အမြဲဆုံးမသြ၀ါဒ ပေးခဲ့တော့ အိမ်မှာ အဖေ့ဆီက ဒီသြ၀ါဒကို ကောင်းကောင်း လက်ခံရရှိခဲ့သူဟာ ကျွန်မပဲဖြစ်တယ်။

ကျွန်မအဖေက ဒီလို ကျောင်းစာတွေပြပေး အင်္ဂလိပ်ပုံပြင် စာအုပ်တွေ ဖတ်ပြ ဘ၀အတွေ့အကြုံတွေ ပြောပြတာတင်မကဘူး နိုင်ငံရေးအကြောင်း သိပ္ပံအကြောင်းဆိုလည်း BBC နဲ့ VOA ကို အမြဲနားထောင်ပြီး ပြန်ပြောပြတတ်ပါတယ်။ ဟိုတုန်းက BBC, VOA ကို လွတ်လပ်စွာ နားထောင်လို့ ရပါတယ်။ လွတ်လပ်စွာ နားထောင်လို့ မရတာက တရုတ်ကလွှင့်တဲ့ ပီကင်းအသံလွှင့်ဌာနပဲ ဖြစ်တယ်။ ည ရှစ်နာရီမှာ မြန်မာ့အသံက မြန်မာသတင်း ကြေညာပြီးတာနဲ့ ရှစ်နာရီ ၁၅ မိနှစ်မှာ ဘီဘီစီ လာတယ်။ ဘီဘီစီက ကိုးနာရီမှာ ပြီးတာနဲ့ VOA တန်းလာတယ်။ ကျွန်မက ဦးဖေသန်းရဲ့ အင်္ဂါနေ့ည မေးပါများစကားရ၊ ဒေါ်ကြည်ကြည်မေရဲ့ သောကြာနေ့ည ငွေဗျိုင်းဖြူကဏ္ဍတို့ ပါတဲ့ BBC ကိုပဲ စွဲပါတယ် VOA ကို တခါမှ နားမထောင်ဘူး။ အဖေကတော့ ဘီဘီစီက နိုင်ငံရေးသတင်းတွေ ပိုကောင်းပြီး VOA က သိပ္ပံသတင်းတွေ ပိုကောင်းတယ်လို့ ပြောတယ်။ တခါတလေ မီးငယ် လာနားထောင်ကြည့် ဆိုဗီယက်က ဂြိုလ်တုက ဘယ်လို အမေရိကန်က ဂြိုလ်တုက ဘယ်လိုနဲ့ ဗွီအိုအေ နားမထောင်တဲ့ ကျွန်မကို ခေါ်ပြီး နားထောင်ခိုင်းတတ်ပါတယ်။

တခါတလေ အဖေ မအားတဲ့အချိန် ကျွန်မကို ရေဒီယိုဖွင့်ခိုင်းလို့ မြန်မာ့အသံ မဟုတ်တဲ့ နေရာမှာ မြန်မာလို အသံကြားရလို့ နားထောင်ကြည့်ရင် ဦးနေ၀င်းက ဘာလုပ်နေတယ် ဘာဖြစ်တယ် ဆိုပြီး ပီကင်းအသံလွှင့်ဌာနက အမျိုးသမီးတဦး နှာခေါင်းအသံခပ်များများနဲ့ အစိုးရမကောင်းကြောင်းတွေ ကြေညာနေတာ ကြားရတတ်ပါတယ်။ အဲဒါကို ကြားမိရင် "အဲဒီကွန်မြုနစ်မ နှာခေါင်းကို ညစ်ညစ်ပြီး ပြောနေတဲ့အသံ အစိုးရကို စော်ကားတိုက်ခိုက်နေတဲ့ သောင်းကျန်းသူတွေ အသံ ငါနားထောင်လို့မရဘူး ချက်ချင်းပိတ်ပစ်" ဆိုလို့ ပိတ်ပစ်ရတတ်ပါတယ်။ ကျွန်မလည်း အဖေပြောထားလို့လားမသိဘူး အဲဒီအမျိုးသမီးအသံကြားရင် သူဘာပြောနေတယ် ဆိုတာစိတ်မ၀င်စားဘူး အလိုလို နေရင်း အမြင်ကပ်နေတတ်တယ်။ အဖေက ကွန်မြူနစ်ဆိုတာ ဘုရားမရှိ၊ တရားမရှိကောင်တွေပေါ့၊ မိဘကျေးဇူးဆိုတာလည်း မရှိဘူး အမေနဲ့အဖေကို ရာဂစိတ်ဖြစ်လို့ ကလေးရတယ် ဒီလိုရလာလို့ မိဘက စောင့်ရှောက်ရတဲ့အတွက် မိဘတွေက သားသမီးတွေနဲ့ ပတ်သက်ပြီး ဘာကျေးဇူးမှ မရှိဘူးလို့ ယုံကြည်နေတဲ့ မိစ္ဆာဓိဋ္ဌိတွေပေါ့ သမီး" လို့ ပြောပြတော့ ကျွန်မလည်း ကွန်မြူနစ်ဆိုတာကို တကယ်ကို ရွံသွားတယ်။ နောက်ပိုင်းတော့ ပီကင်းအသံလွှင့်ဌာနက အသံလွှင့်တာ ကြားတိုင်း ကျွန်မလည်း ချက်ချင်းကို လိုင်းပြောင်းပစ်တော့တယ်။

အဖေက ကျွန်မကို ဒီလို အသိတရားတွေ ပေးတဲ့အပြင် အနာဂတ်အတွက် မျှော်လင့်ချက်တွေလည်း အများကြီးပေးခဲ့ပါတယ်။ ကျွန်မ ကြီးလာရင် ပညာတတ်အောင် သင်ပြီး မင်္ဂလာဒုံ စစ်ဆေးရုံမှာ စစ်ဗိုလ်မကြီး အဖြစ်သူမြင်ချင်ကြောင်း၊ ပြီးတော့ ပညာသိပ်ပြီးထူးချွန်ရင် စကောလားရှစ်ဆိုတာ ဖြေပြီး နိုင်ငံခြားမှာလည်း ပညာတော်သင် လျှောက်လို့လို့ရကြောင်း၊ ကျွန်မလို စာတော်တဲ့သူအတွက် ဖြစ်နိုင်ကြောင်း ပြောပြတော့ ကြီးလာရင် ပညာတော်သင်လျှောက်ပြီး နိုင်ငံခြားမှာ ပညာသွားသင်မယ် ဆိုတဲ့ ရည်ရွယ်ချက်က ကျွန်မရဲ့ တကယ့်အိပ်မက်တွေ ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်မတို့ရွာမှာ စကောလားရှစ်ဆိုတာကို ဒီလိုသိတဲ့လူဆိုတာ အဖေတယောက်ပဲ ရှိတယ်လို့ ကျွန်မထင်တယ်။ ကျွန်မတို့ ရွယ်တူ အတန်းဖေါ်တွေထဲမှာ ဒါကို ကြားဖူးသူတောင် မရှိဘူး။ တခါတလေ ဒီအကြောင်းကို အမေ့ဘက်က ဆွေမျိုးတွေကို ပြောပြရင် တောစွန်အုံဖျားကနေပြီး စကားလုံးကလည်း ကြီးတယ် သူ့အဖေလိုပဲလို့ ကဲ့ရဲ့ခံရတတ်တယ်။ လယ်ယာကိုင်းကျွန်း လုပ်စားတဲ့ အမေနဲ့ အမေ့ဘက်က ဆွေမျိုးတွေကို ကျွန်မက ဗဟုသုတမရှိတဲ့သူတွေ တိုင်းပြည်အကြောင်း နိုင်ငံအကြောင်း နားမလည်တဲ့ မျိုးချစ်စိတ် မရှိသူတွေအဖြစ်ပဲ ကျွန်မမြင်ထားတယ်။

အဖေက သူ့တုန်းက ပညာမတတ်လို့ စစ်ဗိုလ် မဖြစ်လိုက်ရတဲ့အကြောင်း ပြောပြပြီး ကျွန်မကို စစ်ဗိုလ်မကြီး ဖြစ်အောင် ကြိုးစားဖို့ အားပေးတာ ဖြစ်တယ်။ စစ်တပ်မှာ အခုတော့ မသိဘူး အရင်က တပ်ကြပ်နေရာကို အသက်ငယ်ငယ်နဲ့ ရတဲ့သူက ဗိုလ်လောင်း ဖြေပိုင်ခွင့် ရှိပါတယ်။ အဖေဒုတပ်ကြပ်ကနေ တပ်ကြပ်အဖြစ် ရာထူးတိုးခံရတဲ့နေ့က ဗိုလ်လောင်းစာမေးပွဲ နောက်တကြိမ်ခေါ်တဲ့ နေ့နဲ့ဆို တရက်တည်းနဲ့ ဗိုလ်လောင်းအတွက် သတ်မှတ်ထားတဲ့အသက် တရက်တည်း ကပ်ပြည့်သွားလို့ ကပ်လွဲသွားတဲ့ အကြောင်း ပြောပြပါတယ်။ ဒါကြောင့် အဖေက ဗိုလ်လောင်းဖြေခွင့် မရတော့ဘဲ တပ်ကြပ်ကြီးအဆင့်အထိပဲ ရောက်ခဲ့ပြီး အဲဒီအချိန်မှာ ဒဏ်ရာရခဲ့လို့ ပင်စင်လျှောက်လိုက်တယ်လို့ သူ့ဘ၀အကြောင်းကို မကြာခဏ ပြန်ပြောပြတတ်ပါတယ်။ အဖေ့အကြောင်းကို ဒီလိုကြားရရင် ကျွန်မက အဖေသာ ပညာတတ်ခဲ့ရင် အများကြီးတက်လမ်း ရှိမှာပဲလို့ အဖေငယ်ငယ်က ပညာမသင်ခဲ့ရတာကို တွေးပြီး အဖေ့ကို သနားနေတတ်တယ်။ အဖေ့လက်ထက်မှာ မဖြစ်ခဲ့တဲ့ ပညာတတ်တယောက် ဖြစ်အောင် ကျွန်မရအောင် ကြိုးစားမယ်လို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။ တကယ်လည်း ကျွန်မဟာ ပထမတန်း၊ ဒုတိယတန်းတွေမှာ ဆရာဆရာမတွေက ကြီးလာရင် ဘာလုပ်မလဲမေးရင် အဖေ့ကို ပြောထားခဲ့တဲ့အတိုင်း စစ်ဗိုလ်မကြီးလုပ်မယ်ပဲ ပြောခဲ့လို့ သူငယ်ချင်းတွေက ၀ိုင်းဟားခံရသေးတယ်။ အဖေဆိုပြတဲ့ "တူယှဉ်ကာလေ တကယ်ပဲ အစွမ်းပြချင်တယ် ဗမာ့သတ္တိကမ္ဘာကသိအောင် ငါတို့ပြလိုက်မယ် ဗမာ့ရဲ့သတ္တိကို ဘယ်မှာယှဉ်နိုင်မလဲ" ဆိုတဲ့ စစ်ချီသီချင်းဆိုရင် ကျွန်မ အခုထိ ညည်းဆိုတုန်းဖြစ်တယ်။ ကျွန်မ နည်းနည်း ကြီးလာတဲ့ အချိန်မှာတော့ သူများရီမှာစိုးလို့ ဆရာမတွေ မေးရင် စစ်ဗိုလ်မကြီး လုပ်မယ်လို့ မပြောတော့ဘဲ စာရေးဆရာမလုပ်မယ်လို့ ပြောခဲ့ပေမဲ့ ရင်ထဲက အိပ်မက်ဆန္ဒကတော့ ရှိနေခဲ့တယ်။

ရင်ထဲက အိပ်မက်တွေ တကယ်ပျက်သွားတာက ၈၈ မှာမှ ဖြစ်တယ်။ ပျက်သွားတယ်ဆိုတာထက် မလိုလားတော့လို့ စွန့်ပစ်လိုက်တယ်လို့ ပြောရင်ပိုမှန်ပါတယ်။ ၈၈ မှာ ကိုမင်းကိုနိုင် လက်ရေးနဲ့ ရေးထားတဲ့ တနိုင်ငံလုံးမှာ ရှိတဲ့ ကျောင်းသားတွေအားလုံး အဲဒီနေ့မှာ ကျောင်းမတက်ဘဲ လမ်းမပေါ် ဆန္ဒပြပြီး ဒီမကောင်းတဲ့ လူသတ်အစိုးရကို ဆန္ဒပြပြီး ဖြုတ်ချကြပါလို့ တိုက်တွန်းထားတဲ့ စာကို ဖတ်ရတဲ့အချိန်မှာ သမီးတို့ကြီးလာရင် မသမာလူတွေဆီက လက်ခံရရှိနိုင်တယ်ဆိုတဲ့ အဖေပြောတဲ့စာပါလားလို့ ကျွန်မကောင်းကောင်း သဘောပေါက်ခဲ့သလို အဲဒါဟာ မသမာလူတွေဆီက စာမှမဟုတ်တာ မသမာအစိုးရကို တိုက်ပွဲဝင်ဖို့ သူတော်ကောင်းတွေဆီက စာပဲဆိုတာကိုလည်း ကျွန်မ သဘောပေါက်ခဲ့ပါတယ်။ အဖေမှာခဲ့တဲ့အတိုင်း အဖေ့ကို ပြလို့မဖြစ်ဘူး ဆိုတာကိုလည်း နားလည်ခဲ့ပါတယ်။

အံ့သြစရာ ကောင်းတာက ဒီအရေးတော်ပုံမှာ ကျွန်မ ပါဝင်ခဲ့တာနဲ့ ပတ်သက်ပြီး တပ်ထဲက ခွင့်ယူပြီး အိမ်ပြန်ရောက်နေတဲ့ ကိုကြီးတယေက် ဘီလူးဆိုင်းတီးသလို တင်းမာပြီး ကျွန်မကို ကိုယ်ထိလက်ရောက် ပြဿနာရှာခဲ့တဲ့အထိတောင် ဖြစ်ခဲ့ပေမဲ့ အဖေကတော့ ကျွန်မထင်ခဲ့သလို လုံးဝမတင်းမာခဲ့တာကိုတော့ ထူးထူးခြားခြား တွေ့ရပါတယ်။ သူ့ခေတ်နဲ့သူ့ခါပေါ့ကွာလို့ သူငယ်ချင်းတွေကို ပြောနေတာ ကြားရပြီး လူကွယ်ရာမှာတော့ "မီးငယ်နဲ့ ဌေးငယ် သမီးတို့ပါချင်လို့ အဖေပေးပါထားပါတယ်။ ဒါပေမဲ့ ပါတယ်ဆိုရုံပဲ လုပ်ပါ အရေးကြီးတဲ့ ခေါင်းဆောင်နေရာမှာတော့ လုံးဝ ၀င်မလုပ်နဲ့နော့်" ပြောလို့မရဘူး တိုင်းပြည်က ဗိုလ်ချုပ်ကြီးစောမောင် လက်ထဲရောက်နိုင်တယ် လို့ပြောလိုက်တော့ ဘာတွေပြောနေလဲ မသိဘူးလို့ နားမလည်ခဲ့ပေမဲ့ အဲဒီချိန်မှာ အဖေဒီလောက် ကျွန်မတို့ပါဝင်ခွင့် ပေးထားတာကိုတောင် ကျွန်မတို့မောင်နှမ ၀မ်းသာလှပြီ။ ဒါပေမဲ့ အဖေ ပြောတဲ့အတိုင်း စက်တက်ဘာ ၁၈ ရက်နေ့ ညနေကျတော့ တကယ်ပဲ ဖြစ်လာခဲ့တော့ အဖေဘယ်လိုသိလဲဆိုတာ ကျွန်မတို့ မောင်နှမနှစ်ယောက် အံ့သြလို့မဆုံး ဖြစ်ခဲ့ရတယ်။

စစ်တပ်အာဏာသိမ်းပြီးတာနဲ့ အဖေရဲ့ ရာဇအသံကလည်း စတော့တာပဲ။ "မီးငယ်နဲ့ ဌေးငယ် သမီးတို့ ပါချင်လို့ ပေးပါပြီးပြီ ဒီလောက်ဆိုလုံလောက်ပြီ သမီးတို့က ခေါင်းဆောင်လည်း မဟုတ်လို့ အများနဲ့ ဖြစ်တဲ့ကိစ္စမို့ ဘာအပြစ်မှ မရှိဘူး ခေါင်းဆောင်တွေပဲ အပြစ်ရှိတယ်။ ဒါကြောင့် သမီးတို့ကို သက်ဆိုင်ရာက ဘယ်သူမှ ပြဿနာရှာလို့မရဘူး သူများတွေလို ပုန်းရှောင်ဖို့လည်း မလိုဘူး၊ သူပုန်တွေဆီ သွားဖို့လည်း မလိုဘူး အိမ်မှာ အေးအေးဆေးဆေး နေကြ ဘာပြဿနာမှ မဖြစ်စေရဘူး" လို့ ရာဇသံစပေးနေပြီ။ ကျွန်မတို့ မောင်နှမမှာ သမဂ္ဂက ဘယ်အဖွဲ့က ဘယ်ရောက်နေတယ် ဘယ်အဖွဲ့က တောထဲသွားစဉ် ရေနစ်ပြီးလည်း လမ်းမှာ သေဆုံးကြတဲ့သူတွေလည်း ရှိတယ် စသည့် မဟုတ်တာရော ဟုတ်တာရော အမျိုးမျိုး ကြားနေရတယ်။ တောထဲ ရောက်သွားသူတွေရဲ့ အခြေအနေကို စဉ်းစားချိန်မှာ VOA နဲ့ ဘီဘီစီ က ကျွန်မတို့အတွက် သတင်းရရာ နေရာတွေ ဖြစ်လာတယ်။ ခါတိုင်း ဘီဘီစီပဲ နားထောင်ပြီး နောက်ပိုင်းတော့ ဗွီအိုအေက နယ်စပ်ရောက် ကျောင်းသားတွေ အခြေအနေ ပိုပါတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ VOA ကို ပိုကြိုက်သွားပြီး ပိုနားထောင်ဖြစ်တယ်။ အဲဒီအချိန်မှာ သိပ္ပံသတင်းဆောင်းပါးတွေပါလို့ VOA ကောင်းကြောင်း တလျှောက်လုံး ပြောလာခဲ့တဲ့ အဖေက VOA သတင်းကြေညာနေတာကို ကြားရင် လူငယ်တွေ လမ်းမှားရောက်အောင် သွေးထိုးပက်ကော်နေတယ် ဆိုပြီး စတင်အပြစ်တင်ရှုပ်ချတာကို တွေ့ရလို့ ကျွန်မတို့ ညီနှမကတော့ ပြောမရဲလို့ ဘာမှမပြောပေမဲ့ ဘာမှဆိုင်တာလည်း မဟုတ်ဘူးလို့ ကြိတ်တွေးနေတယ်။ ရေဒီယိုက စစ်အစိုးရလို့ ပြောတာကို အဖေဟာ ဆတ်ဆတ်တုန်အောင် နာတာတွေ့တော့ "စစ်အစိုးရကို စစ်အစိုးရမခေါ်လို့ ဘယ်လိုခေါ်စေချင်လဲ မသိဘူး" လို့ ကျွန်မ စိတ်ထဲထဲမှာ ပြောနတတ်တယ်။

ဒီလိုနဲ့ ကျွန်မတို့ညီအစ်မကလည်း တခြားသူတွေနဲ့ အဆက်အသွယ်ရအောင် ဘယ်လိုလုပ်ရမလဲလို့ အမြဲတွေးတော ကြံဆနေတယ်။ အဖေကလည်း ရိပ်မိလားမသိဘူး တနေ့ထက်တနေ့ တင်းကြပ်လာပြီး နောက်ပိုင်း သတင်းတောင် ကောင်းကောင်း နားထောင်လို့မရအောင် ဖြစ်လာတယ်၊ ကျွန်မတိုကိုလည်း စစ်လားဆေးလား လုပ်လာတယ်၊ ရုတ်ရုတ်လုပ်ရင် လူသတ်ပြီး ထောင်ထဲသွားနေဖို့ ၀န်မလေးဘူးတွေ ပြောလာတယ်ဆိုတော့ ကျွန်မတို့လည်း ဒီအတိုင်းတော့ ရေရှည် မဖြစ်တော့ဘူးဆိုပြီး စတင်ကြံဆတော့တယ်။ နောက်ဆုံးတော့ ကျွန်မတို့က တံငါရွာမှာ ရှိတဲ့ အမေ့ဆွေမျိုးတွေဆီ သွားလည်ပြီး ခြံထဲက သစ်သီးဝလံတွေကို လက်ဆောင်သွားပေးမယ်လို့ ပြောတော့ ဆွေမျိုးတွေက ဒီလိုသွားလည်ရင် ငပိ၊ ငါးခြောက် ငံပြာရည်တို့ လက်ဆောင်ပြန်ပေးလေ့ရှိတော့ မဆိုးဘူးထင်ပုံရတယ် ပင်လယ်ဘက်ဆိုတော့ သူပုန်နဲ့ ဝေးတယ် မဟုတ်လား အဖေက ကျွန်မတို့ အကြံအစည်ကို လက်ခံခဲ့တယ်။ တကယ်တမ်း အိမ်ကနေ ကျွန်မတို့ ထွက်လာတာကတော့ ပင်လယ်ဘက်မှာ ရှိတဲ့ တံငါရွာဆီကိုမဟုတ်၊ တဘက်ကမ်းက ကရင်တွေရဲ့ အကူအညီနဲ့ KNU ကို ဆက်သွယ်ကာ ပင်လယ်နဲ့ ဆန့်ကျင်ဘက်အရပ် တောင်တန်းတွေ ရှိရာ နေရာကိုသာ ထွက်လာခဲ့ပါတယ်။ KNU တွေရဲ့ အကူအညီနဲ့ တောင်တန်းတွေ တောတောင် စမ်းချောင်း အထပ်ထပ်တွေကို ကျော်ဖြတ်ကာ သမဂ္ဂတုန်းက လုပ်ဖေါ်ကိုင်ဖက်တွေ အရင်ရောက်နေပြီဖြစ်တဲ့ နယ်စပ်ဒေသဆီ ညီအစ်မ နှစ်ယောက် ခရီးဆက်ခဲ့ပါတယ်။

နောက်ပိုင်းတော့ အဖေဟာ ကျွန်မတို့ ညီအစ်မ သူ့ကို လိမ်သွားတာကို လုံးဝကြိတ်မနိုင်ခဲမရ ဖြစ်ပြီး မိတ်ဆွေတွေကြားမှာ သူ့သမီးနှစ်ယောက် တောခိုသွားတယ်ဆိုတဲ့အဖြစ်ကို ရှက်လည်းတော်တော် ရှက်ပုံရပါတယ်။ တွေ့ရင်သတ်ပစ်ပြီး ထောင်ထဲသွားဝင်နေမယ်လို့ ကြိမ်းဝါးနေကြောင်း ကြားသိရတယ်။ ကျွန်မတို့ တောထဲရောက်ပြီး အဆက်အသွယ်လုပ်ပေမဲ့ လုံးဝအဆက်အသွယ် ပြန်မလုပ်ခဲ့ဘူး။ ကျွန်မ ရှေ့တန်းရောက်တော့လည်း စာရေးအဆက်အသွယ်လုပ်ပြီး ကျွန်မတို့ လိမ်ပြီး ထွက်လာခဲ့တာကို တောင်းပန်ကြောင်း ကျွန်မတို့ လုပ်နေတဲ့ တော်လှန်ရေးဟာ တရားသော တော်လှန်ရေး ဖြစ်ကြောင်း၊ အဖေပေးတဲ့ မျိုးချစ်စိတ်ကြောင့် တိုင်းပြည်ကို ချစ်လို့သာ ဒီလိုလုပ်ဖြစ်ကြောင်း စာရေးပြီး ရှင်းပြခဲ့ပေမဲ့ လုံးဝအဆက်အသွယ် ပြန်မလုပ်ခဲ့ဘူး။ ကျွန်မ တပ်ရင်းပြန်ရောက်ပြီးနောက် ၁၉၉၃ ခုနှစ်မှာ ကျွန်မတို့ မြို့နယ်က ကျွန်မတို့ တပ်တွေ စိုးမိုးထားတဲ့ ကျေးရွာတရွာမှာ ဘုန်းကြီးပျံရှိလို့ ကျွန်မညီမက အမေနဲ့ တွေ့ဖို့ခွင့်ယူပြီး သွားတော့ အဲဒီရွာက ဘုန်းကြီးပျံမှာ မမျော်လင့်ဘဲ အဖေ့ကို ဘုန်းကြီးအ၀တ်နဲ့ သွားတွေ့ခဲ့တယ်။ ကျွန်မ ရှေ့တန်းဒေသမှာ တောက်လျှောက်သွားလာ လှုပ်ရှားနေခဲ့တာ တခါမှ မတွေ့ခဲ့ရဘဲ အခုလို ညီမဆီက ဘုန်းကြီးဝတ်နေတယ်ဆိုတာ သိရလို့ ၀မ်းသာနေတဲ့အချိန်မှာ ကျွန်မ ညီမ တပ်ရင်းပြန်ရောက်လာတော့ "နင်ဝမ်းသာနေလည်း အပိုပဲ အဖေက ဘုန်းကြီးဝတ်ထားလို့ စိတ်တွေဘာတွေ လျှော့ပြီး တရားရနေတယ်များ နင်ထင်လား ငါဝိပဿနာတရားတွေ ပွားထားလို့ နင်တို့နဲ့ အခုလို လက်ခံစကားပြောလို့ ရတယ်လို့ ရဲဘော်တွေကိုရော ငါ့ကိုပါ ရည်ရွယ်ပြီး ပြောလိုက်တယ်" လို့ ညီမက ပြောပြတယ်။

အိမ်ကထွက်လာပြီးနောက်ပိုင်း အဖေကျွန်မတို့ကို လိုက်ရှာပြီး တွေ့ရင် စစ်တပ်မှာ သွားအပ်မယ်ဆိုပြီး သတ်ဖို့ ဓါးမြှောင်တချောင်းနဲ့ လိုက်ရှာနေလို့ ပြေးနေရတဲ့ အိပ်မက်တွေကို ကျွန်မ မက်ခဲ့တာ သြစကြေးလျားကို မလာခင် ၂၀၀၁ ခုနှစ်အထိ ဖြစ်ပါတယ်။ ဒီလို အိပ်မက်ဆိုးကို သြစကြေးလျားရောက်ပြီး အကြာကြီးမမက်ဘဲ နေခဲ့ရာကနေ မကြာခင်က တခါ ပြန်မက်လာတယ်။ အဖေ့ကို အရင်က ဆက်သွယ်လို့ မရခဲ့ပေမဲ့ နိုင်ငံခြားရောက်ပြီး ဆက်သွယ်တော့ သူပုန်မဟုတ်တော့ဘူး ဆိုတော့ အဖေက လက်ခံစကားပြောပါတယ်။ ဒါပေမဲ့ အိမ်ကလိမ်ပြီးထွက်လာတဲ့ အကြောင်းတွေကို ကျွန်မ ပြန်မပြောဖြစ်ဘူး ပြောမထွက်ဘူး။ အိမ်က မထွက်လာခင်က သစ်သီးတွေကို အဖေရှေ့မှာခူးပြီး အဖေသံသယ မရှိအောင် ယူသွားမည့် ထည့်စရာထဲမှာ အပီအပြင်နေရာချတယ် မသွားခင်ည အဖေအိပ်နေချိန်မှာ ရာဝင်စဉ်းအိုးထဲ အကုန်ထည့်ထားခဲ့ပြီး မိုးလင်းမှ သွားမယ်လို့ ပြောခဲ့ပေမဲ့ မနက် ၄ နာရီမှာ ညီအစ်မနှစ်ယောက် အိမ်က တိတ်တိတ်လေး ထွက်လာခဲ့တယ်။ ဒီလို လိမ်ပြီး ထွက်လာခဲ့တဲ့အပေါ် အဖေဘယ်လိုများ ခံစားခဲ့ရလဲ၊ မိတ်ဆွေ အပေါင်းအသင်းတွေ ကြားမှာ အရှက်ရကာ ဒေါသသိပ်ကြီးတဲ့ အဖေတယောက် ကျွန်မတို့ကို ခွင့်လွတ်နိုင်ပါ့မလားဆိုတာ ကျွန်မ အမြဲတွေးနေမိတယ်။ အဖေ့ကို ပြန်မတွေ့ရတာ ထွက်လာကတည်းက ဖြစ်တယ်။ ဒီတသက် ပြန်တွေ့ရပါတော့မလားလို့ ကျွန်မ သံသယ ဖြစ်မိတယ်။

အဖေကို ကျွန်မ သိစေချင်တာကတော့ ကျွန်မဟာ အဖေ့ဆီက မျိုးချစ်စိတ်ဓါတ်တွေ မရခဲ့ရင် တော်ရုံတန်ရုံ စိတ်ဓါတ်နဲ့တော့ တိုင်းပြည်အတွက်ဆိုပြီး မိဘကို ဆန့်ကျင် စွန့်စားလုပ်ရတဲ့ လုပ်ရပ်မျိုးကို ဘယ်တော့မှ လုပ်ဖြစ်မှာ မဟုတ်ဘဲ ရွာမှာ ရှိနေတဲ့ သူငယ်ချင်းတွေလိုပဲ အခုချိန်မှာ ကြံ့ဖွတ်စာရင်းထဲမှာ ပါနေမှာ သေချာပါတယ်။ မျိုးချစ် စိတ်ဓါတ် အမွေအနစ်တွေကို အဖေ့ဆီကသာ ကျွန်မ မရခဲ့ရင် ကျွန်မဘ၀ ဆယ်စုနှစ်တခုစာကိုလည်း အဖေမကြိုက်တဲ့ အလုပ်တွေနဲ့ ကုန်ခဲ့မှာ မဟုတ်ဘူး။ ဒီလိုလုပ်ခဲ့တာကို အဖေမကြိုက်ပေမဲ့လည်း ဒါဟာ အဖေဖြစ်စေချင်တဲ့ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်ကြောင့် ဆိုတာ ကျွန်မ အာမခံရဲပါတယ်။ ဒီလို လုပ်ခဲ့တဲ့အတွက် ဘယ်တော့မှ နောင်တမရပေမဲ့ အဖေတယောက် ကျွန်မတို့အတွက် ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ရတဲ့ ခံစားမှုအတွက်တော့ ကျွန်မ ထပ်တူခံစားရပါတယ်။ ကျွန်မ အဖေဟာ ကျွန်မတို့နဲ့ သဘောထား မတိုက်ဆိုင်ပေမဲ့ တိုင်းပြည်ကို တကယ်ချစ်တဲ့ စစ်သားဟောင်းတဦးအဖြစ် ကျွန်မ ဂုဏ်ပြုဆဲ၊ သူပြန်ပြောခဲ့တဲ့ စစ်သားဘ၀က သူ့ဘ၀အတွေ့အကြုံတွေကို ကျွန်မ အမှတ်ရနေဆဲဖြစ်ပါတယ်။ ကျွန်မမှာ ရှိတဲ့ တိုင်းပြည်ချစ်တဲ့စိတ်၊ မျိုးချစ်စိတ်ဓါတ် အပါအ၀င် ဗဟုသုတ လေ့လာလိုက်စားလိုစိတ်၊ စာဖတ်ဝါသနာပါခြင်း စတဲ့ ကောင်းတဲ့ အလေ့အကျင့်တွေကို ကျွန်မ အဖေ့ဆီကပဲ ရရှိခဲ့တာဖြစ်ပြီး အဖေဟာ တခါက ကျွန်မရဲ့ ဇာတ်လိုက် ဖြစ်ခဲ့သလို အခုထိလည်း အဖေ့ရဲ့ ကောင်းမွေတွေကို ကျွန်မ ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။


အဖေ့စိတ်နှလုံး ကြည်သာချမ်းမြပါစေ။
ကျွန်မရဲ့ အဖေနဲ့ ပတ်သက်တဲ့ အိပ်မက်ဆိုးတွေ ကုန်ဆုံးပါစေ

အမေနေ့ အမှတ်တရပို့စ်က ဒီမှာ ရှိပါတယ်။

5/9/10 - 9:27 PM က အဖေများနေ့မှာ တင်တဲ့ပို့စ် ဖြစ်တယ်။

အခုတော့ ဒီပို့စ်ထဲက ကျွန်မရဲ့ Message နဲ့ ဆုတောင်းတွေကို အဖေ ဘယ်တော့မှ မရနိုင်တော့ဘူး။ တခါက ကျွန်မဇာတ်လိုက်ဖြစ်တဲ့ ကျွန်မအဖေဟာ ( ၇-၇-၁၁ ) ရက် ပြီးခဲ့တဲ့ တင်္ဂနွေနေ့က ဘ၀နိဂုံးချုပ်သွားပါပြီ။ ခွဲခွါလာကတည်းက ၂၃ နှစ်ကြာတဲ့အထိ မျက်နှာချင်းဆိုင် တခါမှ ပြန်မတွေ့ရတော့ပေမဲ့ မဆုံးခင် ရက်အနည်းငယ်အလိုမှာ စကားပြောလိုက်ရသေးလို့ သားသမီးနဲ့ ခွဲခွာခဲ့တဲ့နေ့ကစပြီး တခါမှ ထိတွေ့မှုမရဘဲ ဘ၀နိဂုံးချုပ်ခဲ့ရတဲ့ မိတ်ဆွေတချို့ရဲ့ မိဘတွေနဲ့ စာရင်တော့ တော်သေးတယ်လို့ပဲ ဖြေသိမ့်ပြီး အဖေ ကောင်းရာဘုံဘ၀ကို ရောက်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။


ငါသည် အိုခြင်းသဘော ရှိ၏ အိုခြင်းသဘောကို မလွန်ဆန်နိုင်ချေ။
ငါသည် နာခြင်းသဘောရှိ၏ နာခြင်းသဘောကို မလွန်ဆန်နိုင်ချေ။
ငါသည် သေခြင်းသဘောရှိ၏ သေခြင်းသဘောကို မလွန်ဆန်နိုင်။
ငါ၏ ချစ်မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲကွဲရခြင်း သေကွဲကွဲရခြင်းသည် ဖြစ်ချေမည်။
ငါသည် ကံသာလျှင် မိမိဥစ္စာရှိ၏၊ ကံ၏အမွေခံဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏။ ကံသာလျှင် အဆွေအမျိုးရှိ၏၊ ကံသာလျှင် ကိုးကွယ်မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်။ (အဘိဏှသုတ် မြန်မာပြန်မှ ကောက်နှုတ်ချက်)


29 comments:

အရမ်းကောင်းတဲ့ ပိုစ့်လေးအတွက် ကျေးဇူးပါ အန်တီငယ် ကောမန့် ရေးတာသိပ်ရှားသလို
ဒီလောက်ရှည်တဲ့ပိုစ့်ကို ဖတ်ဖို့ လည်းသိတ်ပျင်း
တတ်တဲ့ သမီးဒီပိုစ့်လေးကို အိပ်ရာနိုးနိုးချင်း
၂ ခါပြန်ဖတ်ဖြစ်တယ် အရမ်းဖတ်လို့ကောင်း
သလို အန်တီငယ့်စိတ်ဓါတ်လေးကို အရမ်းချီးကျူး
လေးစားမိတယ် သမီးရဲ့ သူရဲကောင်တွေ အများကြီးထဲ
မှာ အန်တီငယ်လည်း အခုဆို တယောက်အပါအ၀င် ဖြစ်လာပြီ သိလာ သမီးတို့ တိုင်းပြည်မှာ တီ့လို
မျိုးချစ်စိတ် ရှိတဲ့လူတွေ ၅၀ ရာခိုင်နှုန်းလေး
သာရှိခဲ့မယ်ဆိုရင် မြန်ပြည်ကြီး စစ်ကျွန်ဘ၀က အမြန်ဆုံး လွတ်လာမှာပါ တီငယ့် ပိုစ့်တွေ အမြဲဖတ်ဖြစ်တယ် သမီးအတွက်တော့ တီ့ပိုစ့်တွေက
တိုင်းပြည်အတွက် တခုခု ပြန်လုပ်ပေးချင်တဲ့
စိတ်တွေကို အရမ်းဖြစ်စေတယ် သမီး နားလည်တွေ့ ဖူးသလောက် အေဘီ ကလူတွေ နေထိုင်စာသောက်ခဲ့
ရတာတွေ ကြုံတွေ့ ခဲ့ရတာတွေက အရမ်း သနားဖို့ ကောင်းပါတယ် အဲ့လိုတွေထဲမှာ မိန်းကလေးဖြစ်တဲ့ တီ့ လိုလူတွေက ဘယ်လိုစိတ်ဓါတ်မျိုးနဲ့ နေခဲ့လည်း ကောင်းကောင်းနားလည် တယ် တီ့ကို သမီးအရမ်းလေးစားတယ် သမီးကောမန့် က အဖေများနေ့  နဲ့တော့ ဆိုင်ချင်မှ ဆိုင်ပါလိမ့်မယ်
ဒါပေမဲ့ ရင်ထဲမှာရေးချင်စိတ် ဖြစ်လာလို့ ပါ
သမီးရဲ့ သူရဲကော်မေမေတွေ ဖြစ်တဲ့ မေမေစု၊
မမနီလာသိန်း၊မမ မီးမီး စသော သူရဲကောင်တွေလိုပဲ
တီငယ်လည်းတယောက်အပါဝင်ပေါ့ ။မြန်မာ့အမျိုးသမီးတွေကိုလည်း တိုက်တွန်းချင်ပါတယ်
အမိမြေအတွက် တနေ့ ကို ၅ မိနစ်လောက် စဉ်းစား စေချင်ပါတယ် ။ တကယ့်ကို ၅ မိနစ်ပါ။ မိတ်ကပ်လိမ်းချိန်လောက်တောင် မရှိပါဘူး မြန်မာ
အချင်းချင်း ပြိုင်ဆိုင် နေမဲ့အချိန်တွေထဲက ဖဲ့ပြီး စဉ်းစားပေးကြပါ ။ သမီးတို့ တိုင်းပြည်က လူတွေဟာ နိုင်ငံခြား ရောက်လာတာနဲ့ အရာရာမမေ့စေချင်ဘူး
သမီးတို့ ဟာ မြန်မာပါ ။ တယောက်ရဲ့ ၅မိနစ်တွေ ပေါင်းလိုက်ရင် နာရီတွေပေါင်း အများကြီးရလာမှာပါ
တနေ့ ကို အဲ့ဒီနာရီပေါင်းများစွာ ဖြစ်တဲ့မျိုးချစ် စိတ်လေးတွေ ကမြန်ပြည်ကြီးအတွက် ဖြစ်နေခဲ့မယ်ဆိုရင် စာနာမှုတွေ ဖေးမ မှုတွေ ကူညီမှုတွေ အများကြီး တိုးလာပါလိမ့်မယ် လို့ 
ယုံကြည်မိတယ် ။ ကို့်တိုင်းပြည်အရေး တိုင်းကို ချစ်စေချင်ပါတယ် ။ သမီးစာတွေ အပြောတွေ မှားခဲ့မယ်ဆိုရင် ဒီနေရာကနေ သမီးကောမန့် ဖတ်
ပြီးဒေါသထွက်တဲ့ လူတိုင်းကို တောင်းပန်ပါတယ်
သမီးက ၂၃ နှစ်ပါ အတွေးက ကလေးဆန်နေတယ်
ဖြစ်ကောင်းဖြစ်နေမှာပါ စာမရေးတတ်တာလဲပါမှာပေါ့
သမီးစာရေးမတတ်လို့  နားလည်ပေးစေချင်ပါတယ်
သမီးက မြန်ပြည်ကနေထွက်လာရတာ ၁၀ စုနှစ် ကြော်ခဲ့ပြီ မြန်မာကျောင်းသိတ် မတက်ခဲ့ရဘူး
အဲ့ဒါတွေကြောင့် ဘာကိုပြောချင်တယ်ဆိုတာ လိုရင်းမရောက်ဘူး ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ်
မြန်မာနိုင်ငံဟာ ဗုဒ္ဒဘာသာနိုင်ငံပါ ဗုဒ္ဒဘာသာ
ဆိုတာကလည်း မေတ္တာတရားနဲ့ ဖွဲ့ စည်းထားတာပါ ဒါပေမဲ့ မေတ္တာတရား အခေါင်းပါဆုံး နိုင်ငံကလည်း
သမီးတို့ နိုင်ငံဖြစ်လို့ နေပါပြီ အမှားတွေနဲ့ ပိုစ့်နဲ့ မဆိုင်တဲ့ ကောမန့် အတွက် စာဖတ်သူနဲ့ တီငယ့်ကို
အရမ်းတောင်းပန်ပါတယ်နော်

လေးစားစွာဖြင့်
မြန်ပြည်ချစ်သူ

ဖတ်ပြီး သက်ပြင်းချသွားပါတယ်၊၊ ဟုတ်ပါတယ်။ အများ မလုပ်နိုင်တဲ့ တိုင်းပြည်နဲ လူမျိုး အားလုံး အတွက် ကိုယ်ကျိုးစွန့် ခဲ့ကြတဲ့ သူအားလုံးကို ညီမတို့  တွေက ထာဝရ လေးစား ဂုဏ်ယူနေမှာပါရှင်။

အမအဖေလည်း အမတို့ အတွက် စိတ်ပူလွန်းလို့ သာ နေမှာပါ။ ပညာတော်တဲ့ သူချစ်တဲ့ သမီးဖြစ်နေတော့ အဆုံးရှုံးမခံနိုင်လို့ နေမှာပါ၊၊ သူအားထားတဲ့ ပညာတော်တဲ့ သမီးက သူမျှော်လင့်ထားခဲ့တဲ့ ပညာရေးရပ်သွားပြီဆိုပြီး ယူကြုံးမရဖြစ်လို့ နေမှာပါ၊၊ အခုတော့ အမက ပညာရေးလည်းပြန်လုပ်ဖြစ်တယ် ဆိုတော့ သူဖြစ်စေချင်ခဲ့တာ ဖြစ်ပြီ ဆိုပြီး အမအတွက် ပိုပြီး ဂုဏ်ယူကျေနပ်နေမှာပါရှင်၊၊

ညို

ညကပဲ ဖေဖေဆီကို ကြိုပြီး ဖုန်းပြောဖြစ်လိုက်ပါသေးတယ်။ ရိုးအီနေသော အကြောင်းအရာများပဲ ဆိုပေမဲ့ ဘယ်တော့မှ မရိုးပါဘူးလေ။ ဒီလိုပါပဲ... မနေမတတ်ပေမဲ့ နေတတ်အောင် နေနေရတာပါပဲလေ။

အဖေများနေ့မှာ အားလုံးပဲ ပျော်ရွှင်ကြပါစေ။

မငယ်ရေ...မငယ်အဖေ ခွင့်လွှတ်မှာပါ... သားသမီးနဲ့မိဘအကြားဆိုတာ ရေကိုဓါးနဲ့ဖြတ်သလိုပဲတဲ့....။ အိပ်မက်ဆိုးတွေက လွတ်မြောက်ပြီး မငယ်ရဲ့ ဖေဖေ နဲ့ ပြန်လည် ကြည်လင် အမြင်မှန်လာနိုင်ပါစေ လို့.....

မငယ်နိုင်ရေ...မိဘနဲ့ သားသမီး
အရာရာတိုင်းမှာ အမြင်တွေ ထပ်တူမကျနိုင်ပေမဲ့၊
တသွေးတည်း တသားတည်း မဟုတ်ပါလား
အဖေများနေ့ကို မငယ်နဲ့ အတူ
ဂုဏ်ပြုပါရစေ

မငယ်ရေ
၈၈ အရေးအခင်းမှာ ပါဝင်ခွင့်ပေးခဲ့တဲ့အဖေ ဗိုလ်ချုပ်စောမောင်တို့ အာဏာသိမ်းမှာကို ကြိုတွက်နိုင်ခဲ့တဲ့ နိုင်ငံရေးအခံရှိတဲ့အဖေအတွက်.မျိုးချစ်စိတ်ဓါတ် တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်ထက်သန်တဲ့အဖေအနေနဲ့ ခုလောက်ဆို စစ်အာဏာရှင်တွေကြောင့် တိုင်းပြည်ကြီးဗြုန်းဗြုန်းကျနေတာကိုမြင်ပြီးမငယ်တို့ကိုခွင့်လွှတ်နေမှာ နားလည်နေမှာပါ.ကိုယ်ဖြစ်ချင်တာတွေမဖြစ်ရပေမဲ့ တချိန်ချိန်မှာ သားသမီးမြေးမြစ်တွေက မေးလာခဲ့ရင် အဲ့ဒီအချိန်တုန်းက အမေက လက်နက်ကိုင်တော်လှန်ရေးထဲမှာ ရှိနေခဲ့တယ်လို့ လိပ်ပြာသန့်သန့်နဲ့ပြောနိုင်ပါပြီ..မိသားစုနဲ့ဝေးရတဲ့ အဖြစ်တွေ အားလုံးကင်းစင်နိုင်ပါစေ..

မငယ်ရေ...အဖေ့အကြောင်းရေးရေး...အမေ့အကြောင်းရေးရေး...တသက်မှာတခါပဲရနိုင်တဲ့
မိဘနှစ်ပါး ကို အမြဲသတိရကြတာ လူတိုင်းပါပဲ..
အန်ကယ်မိဘတွေဆို ဆုံးကုန်ကြပြီဆိုတော့ ဒီဘဝမှာ ဘယ်လိုမှ ပြန်တွေ့စရာလမ်းမရှိတော့ပါဘူး..
မိဘမိသားစုဝေးဝေးနေရတဲ့ သူချင်းမို့ ကိုယ်ချင်းစာမိတယ်

Dear Ma Ma Nge,

Really emulated to you and who had gone underground while our country confronted in 1988 disturbance that all students had sacrificed for our country and race.

I wanted to cry when I read that you mentioned you and your sis lied to your father to go other village after that you two left boundary to your colleague next day early morning.

I am thinking myself If I were you, not sure that I can do or not if the disturbance has been happen in our age.

Thanks for your HAPPY FATHER's DAY.

UNDER WATER WORLD

အစ်မ ငယ် ရေ။ စစ်ဗိုလ်မကြီး လုပ်မတဲ့လာ။

ဘ၀ဆိုတာက တော့ ဒီလိုပါပဲ။ မျှော်လင့်ချက်တွေ အရောင်ပြောင်းသွားတတ်သလို မမျှော်လင့်တာတွေ လဲဖြစ်တတ်တာမို့။

ရည်မှန်းချက်ဆီ ဆက်လက်ချီတက်နိုင်ပါစေ။ အဖေများနေ့အတွက် ဂုဏ်ပြု ပို့စ်လေးကို သဘောကျတယ်

ငြိမ်းချမ်းပါစေ
မိုးယံ

ဒီနေ့အဖေများနေ့လား... မသိဘူး... ကျမက နှစ်တိုင်းဇွန်လတတိယပတ်မှာဘဲ ဖခင်များနေ့လုပ်နေကျ.. ငယ်နိုင့်ဖေဖေ ငယ်နိုင့်အတွက် ဂုဏ်ယူနေမှာပါ

ယုံကြည်မှုမတူ ပေမယ့် အဖေ ဟာ အဖေပဲပေါ့.. ကျေးဇူးကြီးပါတယ်..
စိတ်ဝင်စားကောင်းလို့ သေချာဖတ်သွားပါတယ်..

မင်္ဂလာပါ။ စာလာဖတ်ပြီး ဆုတောင်းပေး၊ အားပေးစကား ပြောကြားပေးသွား အားလုံးကို ကျေးဇူးတင်ပါတယ်။ တနေကုန် အလုပ်များနေလို့ အခုမှ ပြန်နှုတ်ဆက်ဖြစ်တယ်။ ကျွန်မလိုက်လည် မအားပေမဲ့ လာလည်ပြီး မှတ်ချက်ပေးသွားတဲ့ ဘလော့ဂါတွေကို အထူး ကျေးဇူးတင်ပါတယ်။ ဒီပတ်ကုန်မှ ကျွန်မ ဘလော့ဂ်ပြန်လည်နိုင်မှာ ဖြစ်ကြောင်း ပြောထားပါရစေ။ ဘလော့ဂါမဟုတ်တဲ့ စာဖတ်သူများကိုလည်း ကျေးဇူးတင်ပါတယ်၊ နောက်လည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။ မြန်ပြည်ချစ်သူနဲ့ မိုးယံ နှစ်ဦး ပထမဦးဆုံး စာလာဖတ်တာ ၀မ်းသာပါတယ်။

နောက်လည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။

မြန်ပြည်ချစ်သူ - အန်တီကို ဒီလောက် အထင်မကြီးပါနဲ့ အခုချိန်မှာ အန်တီလည်း သမီးတို့လို ဒီမိုကရေစီကို အားပေးထောက်ပံ့သူ တဦးသာ ဖြစ်ပါတယ်။ ထဲထဲဝင်ဝင် အချိန်ပေးနိုင်တဲ့ Activist တယောက် မဟုတ်တော့ပါဘူး။

မိုယံရေ ငယ်ငယ်က ဖြစ်ချင်ခဲ့တဲ့ စစ်ဗိုလ်မ မဖြစ်ရလို့ လုံးဝ ၀မ်းမနည်းပါဘူး။ အခုချိန် စစ်ဗိုလ်မ ဆိုရင်တော့ ပြည်သူ့ချဉ်ဖတ် ဖြစ်နေပြီပေါ့။

အန်ကယ်နိုင် ကျန်းမာရေးလည်း မကောင်းဘဲနဲ့ ကျွန်မပို့စ် အရှည်ကြီးကို လာဖတ်သွားတာ အားနာနေတယ်။ ကျန်းမာရေးလည်း ဂရုစိုက်ပါနော့်။

UWW တယောက် ပျောက်နေတာကြာပြီး ပြန်ပေါ်လာတာ ၀မ်းသာပါတယ်။ အစ်မတို့ ညီအစ်မ အဖေကို အယုံသွင်းပြီးတော့မှ ဒီလိုလုပ်ခဲ့တာကို အစ်မလည်း ပြန်စဉ်းစားတိုင်း စိတ်မကောင်း ဖြစ်မိတယ်။

ကိုဇော်၊ မချစ်ကြည်အေး၊ ကိုဧရာ+မသီတာ၊ ကိုချစ်ဖေ၊ သိင်္ဂါကျော်နဲ့ Rose တို့ရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ အဖေဘာကြီး ဖြစ်နေဖြစ်နေ အဖေဟာ အဖေပဲ။ ဒါပေမဲ့ အဖေစကား နားမထောင်နိုင်တာက ခက်တယ်။

Rose ရေ ဒီမှာတော့ စက်တင်ဘာရဲ့ ပထမဆုံး ကျရောက်တဲ့ တနင်္ဂနွေနေ့ကို အဖေနေ့အဖြစ် ကျင်းပကြတယ်။ တနိုင်ငံနဲ့ တနိုင်ငံမတူတာလား မသိဘူး။

မငယ်ရေ..

အမတ်လောင်း ကိစ္စတွေများနေလို့ နောက်ကျမှ ရောက်လာပါတယ်...။

ဖတ်ပြီး အတော်လေး ခံစားရပါတယ်.. တို့လည်း အဖေ့သမီးမို့ စာရေးမယ်လို့ စဉ်စားတိုင်း မျက်ရည်မခိုင်တာရယ်..ကြောင့် မရေးဖြစ်ခဲ့ဘူး..တနေ့တော့ရေးပါအုံးမယ်..။

မငယ် ရေးထားတာ အတော်လေး မျက်စိထဲ မြင်ယောင်မိတယ်.. မငယ်အဖေဟာ လူတော် တယောက်.. ပဲ.. ။ ဒါပေမယ့် အငြိုးတော့ ကြီးသားပဲ..။ လူကြီးမာဏလို့လည်း ပြောရင်ရမလားပဲနော်..။ ဒါပေမယ့် အခုမငယ် ကို နားလည်လောက်ပြီလို့ ထင်တာပဲ..။

မငယ် ..ဖြစ်ချင်တာ ၂ ခုလုံးဖြစ်ခဲ့ရတာပဲမလား.. တော်လှန်ရေးတုန်းကလည်း ပြုစုစောင့်ရှောက်ပေးရတဲ့ အလုပ်လုပ်ဖူးပြီး.. စစ်ဝတ်စုံ.. နဲ့ ဗိုလ်ကြီး မမ ပဲမလား.. ။ .. အခုလည်း စာတွေ ရေးနေတာပဲမလား မငယ်..။ နောက်.. သူနာပြု ဆရာမ ကြီးပဲ ကျေနပ်တော့..(ဆရာလုပ်သွားခြင်း)။

အဆုံးသတ်ရင်တော့ သားအဖ နှစ်ယောက်စလုံး ကွန်မြူနစ်စနစ်ကို မကြိုက်တဲ့... တိုင်းပြည်ကို ချစ်တဲ့ သူများလို့ပဲ အသိအမှတ်ပြု နားလည်ပါတယ်..။

သူငယ်ချင်း မငယ် အိပ်မက်ဆိုးတွေ ရပ်တန့်သွားပါစေ.. အဖေ့သမီး အဖြစ် အစဉ် ဂုဏ်ယူနိုင်ပါစေလို့...

အမတ်လောင်း

အဖေ့သမီးအဖြစ် ဂုဏ်ယူနိုင်ပါစေ အမရေ။

7 Sep 10, 01:18
Nee: မငယ် အခုမှလာဖတ်ဖြစ်တယ် အဖေများနေ့ကိုလေ အခုလည်းခရီးထွက်နေတာလေ ဗန်ကူးဝါးမှာရောက်နေလို့ တလောကလည်းဧည့်သည်ရောက်နေလို့ နင့်စာမျက်နာကိုမရောက်တာတောင်ကြာနေပြီ ဖတ်ပြီးစိတ်မကောင်းဖြစ်မိပါတယ်။
(C-Box က ကူးလာတာ ဖြစ်တယ်)

ဌေးငယ် - ငါရေးထားတဲ့ အထဲမှာ စိတ်မကောင်း ဖြစ်စရာဘာပါလို့လဲ။ နင့်ဆီကို သားသား ဓါတ်ပုံတွေ ပို့ပေးဖို့ ရှိတယ်။ အွန်လိုင်းပေါ်မှာ နင့်ကို မတွေ့တာ ကြာလို့ ဘယ်ရောက်နေလဲမသိလို့ စဉ်းစားနေသေးတယ်။ နင်လာဖတ်တာ တွေ့တော့ ငါတို့ငယ်ငယ်က ဖေဖေ လခထုတ်ရာက ပြန်လာရင် အိမ်ရှေ့ကွင်းပြင်မှာ ငါတို့နှစ်ယောက် ဆီးပြီးထွက်ကြိုရင် နင်နဲ့ငါနဲ့ကို ဘယ်တယောက် ညာတယောက် ချီပြီးဖက်နမ်းကာ စုမကန်းနဲ့ ဖိုးတောကြောင်မဲမအတွက် မုန့်တွေပါတယ်ဟေ့ အိမ်ပေါ်ရောက်မှ စားကြရအောင်လို့ ပြောပြီး ပြန်ကြိုတာကို သတိရတယ်။ အဲဒါကို ပို့စ်ထဲမှာ ဖြည့်လိုက်မယ်။ ပို့စ်က ရှည်တော့ ရှည်နေပြီ။

I couldn't believe whatever you say.Because you are coming from military generation.

ကျွန်မ Military Generation က လာတယ် ဒါပေမဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီကို ယုံကြည်တဲ့နေရာမှာ ဒီမိုကရေစီဆိုတာကို အော်နေပြီး ဒီမိုကရေစီကျင့်စဉ်ကို နားမလည်တဲ့ Anonymous တို့လို လူတွေ အားလုံးကို စိန်ခေါ်ရဲတယ်။ စစ်တပ်မိသားစုတိုင်း တပ်မတော်သားတိုင်းကို ဒီမိုကရေစီ ဆန့်ကျင်သူလို့ ထင်ရင် Anonymous မှားသွားလိမ့်မယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက စစ်တပ်ကြီးစိုးတဲ့ မဲဆန္ဒနယ်တွေမှာ NLD အနိုင်ရခဲ့တယ်။ ABSDF မှာတုန်းက ကျွန်မကို စစ်တပ်အသိုင်းအ၀ိုင်းက လာလို့ မယုံရဘူးလို့ ပြောဖူးတဲ့ သူထဲကလည်း အခုပြန်စုံစမ်းကြည့်တော့ အလင်းဝင်သွားပြီတဲ့။ Military Generation ကလာသူကို မယုံဘူးဆိုရင် အခု မြန်မာပြည်မှာ ဒီမိုကရေစီ ခေါင်းတောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း Military Generation ကလာသူ မဟုတ်ဘူးလား။ ကျွန်မကို ယုံဖို့ထက် ကိုယ့်ကိုယ်ကိုယ် ဒီမိုကရေစီ လူ့အခွင့်အရေးဆိုတာ ဘာလဲလို့ တိတိကျကျ သိအောင် ကြိုးစားပြီး အဲဒါကို ယုံနိုင်အောင် အရင်ကြိုးစားပါ။ ဒါဆိုရင် Military Genration ကလာလို့ မယုံရဘူးဆိုတဲ့ အစွဲ ပျောက်သွားလိမ့်မယ်။ ဒီမိုကရေစီကို လိုလာတယ်ဆိုတဲ့သူတွေအထဲမှာ Anonymous တို့လို စိတ်ထားရှိတဲ့ လူတွေများနေရင် ကမ္ဘာပျက်တဲ့အထိ ဒီမိုကရေစီ ရမှာမဟုတ်ဘူး ဒါကိုမြဲမြဲမှတ်ထားပြီး စိတ်ဓါတ်ကို ပြုပြင်နိုင်အောင် ကြိုးစားပါ။

Dear Ma Ma,

Totally agree with you. My parents are not from military but my own brother is a military officer who got Master degree from Russia, now he is in front line and also only working fatigue that was master degree holder from Russia. He could not be useful which was relativity with his master degree. I couldn't understand to him why he studied in there for 3 years it's waste of the time that would my concern only for him.

My cousin brother was a leader from NLD and still in the jail since 1989. He was a very famous lawyer and also had given free tution for high school students. His wife was a famous nurse but they dismissed to my sister and law in her duty. I understood my cousin brother who was contributed for people around of us as much as he can when he was out.

Conclusion, If we are living in myanmar could not know our future and could not do nothing, where is the human rights and democracy either military generations or not.

hr .. hr..hr. So funny and joking replies.
You shouldn't compare with Daw Aung San Su kyi.
I will ask some simple questions. Why do you stay in Australia? Are you sure a Burmese citizen?
Most of them are selfish and always shouting for Democracy. Just really really funny things...

ကျွန်မကို တပ်မတော် မိသားစုက လာတဲ့အတွက် မယုံဘူးဆိုလို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း တပ်မတော်မိသားစုကလာပြီး ဒီမိုကရေစီခေါင်းဆောင် ဖြစ်နေတာ ဘယ်လိုလုပ်မလဲလို့ ပြန်ပြောတဲ့စကားမှာ ကျွန်မတော့ ရီစရာမှ ဘာမှ မတွေ့ပါဘူး။ Anonymous တွေ့ရင်လည်း ရီပါ။ ရီတာ အသက်ရှည်ပါတယ်။ ဒါပေမဲ့ ဘာအထောက်အတား သာဓကမှ မရှိဘဲ မဟုတ်တာတွေကိုတော့ မပြောပါနဲ့။ ကျွန်မ တကိုယ်ကောင်း ဆန်တယ် ကျွန်မမဆန်ဘူးဆိုတာ Anonymous က ဘယ်လိုအချက်နဲ့ ကြည့်ပြီးပြောတာလဲ ကိုယ့်ကိုယ်ကိုယ်တောင် နာမည်မဖေါ်ရဲဘဲနဲ့ မမြင်ရတဲ့နေရာကနေပြီး တကိုယ်ကောင်းဆန်တယ်လို့ လာပြောနေတာကို ကျွန်မမှာ ပြန်ဖြေရှင်းချိန်မရှိဘူး။ ကျွန်မဗမာဟုတ်မမဟုတ် ကျွန်မဘလော့ဂ်ကို လာဖတ်နေမှတော့ မေးနေစရာလိုသေးလား။ ကျွန်မကို တကိုယ်ကောင်းဆန်တယ် ပြောတဲ့ မ/ကို Anonymous ကကော အများအတွက် ဘယ်လောက်များ လုပ်ဖူးလဲ။ ကျွန်မ Selffish ဖြစ်ရင် ကိုယ်နဲ့မဆိုင်သလို အနေသာကြီးပါ။ အော်စီမှာ ဇိမ်နဲ့နေလို့ရပါတယ်။ မြန်မာပြည်ကအရေး ဘာပဲကြားကြား မသိချင်ယောင်ဆောင်ပြီး ဘာမှ ၀င်ပြီး ပါဝင်ပါတ်သက်နေစရာ မလိုဘဲ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အေးအေးဆေးဆေး နေလို့ရပါတယ်။ အဲလိုမနေပဲ ပါဝင်ပတ်သက်နေတာ စိတ်ဝင်စားနေတာ တကိုယ်ကောင်းမဆန်လို့ ကိုယ့်တိုင်းပြည်အပူ ကိုယ့်အပူလို့ သဘောထားလို့ မှတ်ပါ။ တိုင်းပြည်ကို တကယ်ချစ်တဲ့သူ အားလုံးကို စစ်သားပဲဖြစ်ဖြစ် အရပ်သားပဲဖြစ်ဖြစ် ကျွန်မလေးစားတယ်။ Anonymous တို့လို အစွန်းရောက်တဲ့သူတွေကို စစ်သားပဲဖြစ်ဖြစ် အရပ်သားပဲဖြစ်ဖြစ် ကျွန်မ ရွံတယ်မှတ်ထား။ ကဲ - ရီချင်ရင်လည်း အူတက်အောင် ရီလိုက်ပါနော့် မတားပါဘူး Anonymous ရေ။

လက်ဆောင်သွားပေးမယ်လို့ ပြောတော့ တွေမျိုးတွေက ဒီလိုသွားလည်ရင် ငပိ၊ ငါးခြောက် ငံပြာရည်တို့
=အဲဒီစာကြောင်းမှာ တွေမျိုးကို ဆွေမျိုးလို့ ပြင်ပါ မငယ်။
လေးစားလျှက်-အိုးဝေအောင်

မငယ်နိုင်ရဲ့အဖေ ကောင်းရာသုဂတိလားပါစေ၊ မငယ်နိုင်လည်း အိပ်မက်ဆိုးများမှ လွတ်ကင်းပါစေ၊ ပျော်ရွှင်ချစ်ခင်တဲ့ မိသားစုနဲ့ ရှေ့လမ်းခရီးသာယာပါစေ မေတ္တာပို့ အားပေးဆုတောင်းလိုက်ပါတယ်။

ကိုပြည်သူ - ဆုတောင်းအတွက် အတိုင်းမသိ ကျေးဇူးတင်ဝမ်းမြောက်ရပါတယ်။ 3/8/11 နေ့ အဖေ မဆုံးခင် ၄ ရက်က အဖေနဲ့ စကားပြောရတော့ အစားအသောက်တွေ စားလို့သောက်လို့ ပြန်ဝင်နေတယ်။ လူတွယ်နဲ့လမ်းတောင် ထလျှောက်နေပြီ၊ BBC, VOA အအပါအ၀င် သတင်းတွေလည်း ကောင်းကောင်း နားထောင်နိုင်တယ်၊ စာလည်း ကောင်းကောင်း ဖတ်နိုင်တယ် ဆိုလို့ ဆေးရုံသွားဖို့ တိုက်တွန်းပြီး အားပေးတဲ့ စာတစောင်နဲ့ ဒီပို့စ်လေးကို Print ထုတ်ခိုင်းပြီး လူကြုံနဲ့ သွားပို့ခိုင်းတာ ၆ ရက်နေ့မှာ မမျှော်လင့်ဘဲ အိပ်ရာထဲပြန်လဲပြီး ၇ ရက်နေ့မှာ ရုတ်တရက် ဆုံးသွားလို့ ဒီပို့စ်ကို အဖေ မဖတ်လိုက်ရဘူး။ အားပေးတဲ့စာကိုတော့ သိပ်မရှည်တော့ သမီးအငယ် ဖတ်ပြတာကို နားထောင်သွားရတယ်လို့ ပြောတယ်။

(( ကျွန်မအဖေက အကောင်းပကတိကြီး၊ ဘာမှဖြစ်တာ မဟုတ်ဘူး။ ကင်ဆာလို ကုလို့မရတဲ့ ရောဂါတခုခု ဖြစ်နေတာလည်း မဟုတ်ဘူး။ အနီးမှာရှိတဲ့ သားသမီးတွေကို အဲဒါ သူတို့ထင်သလို သေရမည့်အနာ မဟုတ်ဘူးဆိုတာ ရှင်းပြဖို့ပဲ လိုပါတယ် )) လို့ မငယ်နိုင်က ရေးထားတာ ဖတ်မိလို့ မငယ်နိုင် အဖေ ပြန်ကျန်းမာလာမယ်လို့ ထင်ထားတာ။

(( မငယ်နိုင် အဖေရဲ့ ကျန်းမာရေး တိုးတက်ကောင်းမွန်လာပါစေဗျာ )) လို့ လွန်ခဲ့တဲ့ နှစ်ပတ်က ကျွန်တော် ဆုတောင်းပေးခဲ့တဲ့အတိုင်း ဆုတောင်းပြည့်မယ်လို့ ထင်ထားတာ။

မငယ်နိုင် အိမ်ကို ဒီတခေါက် လာလည်တော့ မငယ်နိုင်အဖေ မရှိတော့ဘူး။ နေ့မြင်ညပျောက် ဆိုတဲ့ စကားအတိုင်း ဖြစ်နေလို့ စိတ်မကောင်း ဖြစ်ရပါတယ်။

ဘယ်လို ဖြစ်သွားတာလဲ၊ မငယ်နိုင်။ မြန်လိုက်တာ။

ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ ဖြစ်နိုင်တဲ့ သင်္ခါရသဘောကို သိပေမယ့် ဒီလောက်ကြီး မြန်မြန်ဆန်ဆန် ဖြစ်သွားမယ်လို့တော့ မထင်ခဲ့မိဘူးဗျာ။

မငယ်နိုင် အဖေ ကောင်းရာမွန်ရာကို ရောက်ပါစေဗျာ။

အဖေအတွက် ဆုတောင်းအတွက် ကျေးဇူးတင်ပါတယ် ဂရမ်မာကြာရွက်။ ခါတိုင်းဆို ခံစားရတာကို ဘလော့မှာ ရေးချဖြစ်ပေမဲ့ ဒီတခါတော့ ရေးစရာ စကားလုံး ရှာမရလောက်အောင်ကို ဖြစ်သွားလို့ ပို့စ်မတင်ဖြစ်ဘူး တလပြည့်ဆွမ်းသွပ်တဲ့အချိန်မှပဲ တင်မယ်လို့ စဉ်းစားထားပါတယ်။

နာရေးသတင်းမေးလို့ ဖြေရရင်တော့ အဖေက ကျောက်ကပ် ပျက်စီးနေတယ်လို့ သူဆုံးပြီးမှ ကျွန်မ သိရပါတယ်။ ကျောက်ကပ် ပြဿနာရှိတယ်ဆိုတာ စောစောသိခဲ့ရင်တော့ Options တွေ ဘာရှိတယ်ဆိုတာ ပြောပြပြီး ကုလို့ ရနိုင်ပါတယ်။ ဒါပေမဲ့ ဒီနေ့ဒီအချိန် ဒီနေရာမှာ ဘ၀နိဂုံးချုပ်ရမယ်ဆိုတာ သူ့ကံက ပါလာတဲ့အတိုင်းပဲ ဖြစ်သွားတယ်လို့ ကျွန်မ ဖြေသိမ့်လိုက်ပါတယ်။ အဖေ ကျွန်မနဲ့ အဆက်သွယ် ရပြီးနောက်ပိုင်း အစားအသောက် ပြန်ဝင်ပြီး တကယ်လည်း ပြန်ကျန်းမာလာခဲ့ပါသေးတယ်။ အဖေ နဲ့ အဆက်အသွယ်ရပြီး အရင်ပြခဲ့တဲ့ ဆေးရုံကိုပြန်ပြဖို့ ကျွန်မတိုက်တွန်းခဲ့ပါတယ်။ သူကလည်း အစားအသောက် နည်းနည်း ၀င်ပြီး ထနိုင်လာရင် ပြန်သွားမယ်လို့ ပြောပါတယ်။ ကျွန်မတို့ရွာက လမ်းပမ်းဆက်သွယ်ရေး သိပ်ခက်ခဲတယ်။ မိုးရာသီလည်း ဖြစ်တော့ ပိုဆိုးပါတယ်။ အိပ်ရာက ထမနိုင်တော့ သွားလာလှုပ်ရှားဖို့ သူများကို မီခိုအားပြုရတာ အားနာပုံရပါတယ်။ ချက်ချင်း မသွားသေးဘဲ နည်းနည်း နေကောင်းမှ သွားဖို့ ပြောပါတယ်။ ဒီအတောအတွင်း ဗောဇ္ဈင်္ဂသုတ်ကို ညမနက်ရွတ်ရင်း ကျွန်မ ဆုတောင်းပေးနေခဲ့တယ်။ ၃ ရက်နေ့ ဖုန်းဆက်တော့ အပေါ်မှာ ကိုပြည်သူကို ကျွန်မ ပြောထားသလို အကောင်းပကတိပဲ။ ကျွန်မလည်း ဆေးရုံသွားရင် ဆရာဝန်ကို ပေးဖို့စတစောင်၊ ဖေဖေအတွက် တစောင်နဲ့ သားမွေးနေ့တုန်းက ရိုက်ထားတဲ့ ဓါတ်ပုံတွေ ကျွန်မတို့ မိသားစု ဓါတ်ပုံတွေကို လူကြုံနဲ့ လာပို့ခိုင်းမယ် နောက်နေ့ရောက်မယ်၊ အဖေစောင့်နေပါလို့ ပြောခဲ့ပါတယ်။ ၆ ရက်နေ့ သူ့ဆီ စာတွေ ဓါတ်ပုံတွေ ရောက်တော့ အိပ်ရာပေါ် ပြန်လဲနေပြီး မျက်လုံးတွေ မမြင်ရတော့ဘူး နားတော့ ကောင်ကောင်း ကြားနေသေးလို့ ဖတ်ပြရတယ်လို့ သိရတယ်။ ပြီးတော့ နေ့လည်ဘက် ကျွန်မ ဖုန်းဆက်တဲ့အချိန်မှာတော့ သတိလစ်နေပြီ၊ ချက်ချင်း ဆေးရုံတင်ဖို့ အိမ်ကလူတွေကို ကျွန်မတိုက်တွန်းပေမဲ့ မတင်ဖြစ်ဘဲ နောက်နေ့ ၇ ရက်နေ့မှာ ဆုံးသွားပါတယ်။ မောင်နှမတွေအထဲမှာ ကျွန်မနဲ့အတူ အိမ်က အတူတူထွက်လာတဲ့ တယောက်နဲ့ ပျောက်နေတဲ့ မောင်လေးတယောက် ဒီသုံးယောက်ကလွဲရင် သက်ရှိထင်ရှား ရှိနေတဲ့ သားသမီးတွေ အားလုံး သူ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ပေးနိုင်ခဲ့ပါတယ်။ ကျွန်မရဲ့ တခါက ကျွန်မဇာတ်လိုက်ဆိုတဲ့ ဒီပို့စ်လေးကို သူမဖတ်သွားလိုက်ရတာနဲ့ သားအခုလောက် ကြီးနေတဲ့ ဓါတ်ပုံကို သူမကြည့်သွားလိုက်ရ၊ ကျွန်မ ရင်ဖွင့်ချင်တာတွေကို ရင်မဖွင့်လိုက်ရ၊ အပြစ်ရှိတယ်ထင်ရင် ခွင့်လွတ်ပါလို့ မတောင်းပန်လိုက်ရလို့ စိတ်မကောင်းဖြစ်တာကလွဲရင် ကျွန်မအဖေ နောက်ဆုံးခရီးဟာ အစစအဆင်ပြေလို့ ကျွန်မ ကျေနပ်ပါတယ်။ ဂရမ်မာကြာရွက်ရဲ့ ဆုတောင်းအတွက် ကျေးဇူးတင်ပါတယ်။

ဪ အစ်မငယ်ဘဝက တော်တော်ကျန်းတာပဲနော်။ အစ်မကိုလေးစား၊ ဂုဏ်ယူပါတယ် ခင်ဗျာ။

မငယ်နိုင်ရဲ့ မွေးသဖခင်ကြီး ကောင်းရာ ဘုံဘ၀ ရောက်ပါစေကြောင်း ဆုတောင်း လိုက်ပါတယ်။

မငယ်နိုင်ရဲ့ မွေးသဖခင်ကြီး ထွက်ခွာသွားတာ တလပြည့်တဲ့ရက်မှာ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ကို ဆင်ခြင်သွားပါတယ်။

ကျန်ရစ်သူ သားသမီးများ ဖြစ်တဲ့ မငယ်နိုင် နဲ့ မငယ်နိုင်ရဲ့ မောင်နှမ မိသားစုများက မငယ်နိုင်ရဲ့ မွေးသဖခင်ကြီး အတွက် ရည်စူးပြီး ပြုခဲ့သမျှ ကောင်းမှုကုသိုလ် အဝဝ အတွက်လည်း သာဓု ခေါ်လိုက်ပါတယ်။

သာဓု၊ သာဓု၊ သာဓု ပါ။

အာယု

ွှအရမ်းကောင်းတယ် မ ငယ်ရေ။

အရမ်းကောင်းတယ် တစ်ခါမှ မဖတ်ရဘူး။ ကျေးဇူးတင်တယ်နော်။